ဝိုင်းမော်
-
Jun- 2024 -10 Juneသတင်း
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်ပေါ် လက်နက်ကြီးကျ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းတစ်ခုနဲ့အရပ်သားနေအိမ်ပေါ် ဇွန်လ ၈ ရက်နေ့ မနက်ပိုင်း ၉နာရီဝန်းကျင်လောက်က လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ခတ်ချိုရပ်ကွက်မှာရှိတဲ့ ဝေဠုဝန်ဆိုတဲ့ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်းကျရောက်ခဲ့တဲ့ လက်နက်ကြီး၂လုံးက ပေါက်ကွဲခြင်းမရှိလို့လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။ အရပ်သားနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်ကြီးကြောင့်တော့ ကားနဲ့ခေါင်မိုးတွေပျက်စီးခဲ့ရတယ်လို့ ဝိုင်းမော် ခတ်ချိုရပ်ကွက်က ဦးဇင်းတစ်ပါးကမိန့်ပါတယ်။ “ခတ်ချိုအထက်ပိုင်း ဝေဠုဝန်ကျောင်းနဲ့လူနေအိမ်မှာကျတာ လူတွေတော့ထိခိုက်မှုမရှိခဲ့ဘူး မပေါက် ကွဲတာ က နှစ်လုံးဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကျောင်းအနောက်ဘက်ကလူနေအိမ်မှာကျတာက လူတော့မထိ ဘူး ကားနဲ့ခေါင်မိုးတွေတော့ပျက်စီးသွားတယ်”လို့ဆိုပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းတစ်ဝှိုက်မှာ အရပ်သားတွေနေထိုင်ကြတာဖြစ်ပြီး လက်နက်ကြီးကတော့ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဝေဠုဝန်ဘုန်းကြီးကျောင်းက ဦးဇင်းနဲ့ ကိုယ်ရင်တွေအပါအဝင် ဘုန်းကြီးကျောင်းအနီးတစ်ဝှိုက်နေထိုင်တဲ့အရပ်သားတွေပါ ဘေးလွှတ်ရာကိုရွှေ့ပြောင်းထားတယ် လို့ အခြေနေသိရှိသူတွေကပြောပါတယ်။ အခုလိုပစ်ခတ်မှုတွေကြောင့် စစ်ရေးတင်းမာနေကြတဲ့ နှစ်ဖက်တပ်တွေ အရပ်သားတွေနေထိုင်ရာဒေသ တွေကိုကြည့်ရှုပြီးရမ်းသမ်းမပစ်ခတ်ကြဖို့ ဝိုင်းမော်မြို့နယ်ထဲက ဝိုင်းရှောင်ဆရာတော်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့်တောင်းဆိုထားပါတယ်။ “ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ သာသနာ့အလံနဲ့ အလံဖြူတွေအကုန်လုံးလွှင့်ထားတယ်။ အခုလည်းထပ်ပြီးသတိပေးပါတယ် နှစ်ဖက်စစ်ခင်းကြတဲ့သူတွေ ပစ်ချင်ရင်လည်းသေချာကြည့်ပြီးပစ်ပါ။ ရမ်းပစ်ရင် မသက်ဆိုင်တဲ့သူတွေအများကြီးထိခိုက်သွားနိုင်တယ်” လို့ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်ကမိန့်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကတည်းက ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတော့ အရပ်သားသောင်းနဲ့ချီ ဘေးလွှတ်ရာကိုထွက်ပြေးနေကြရတာဖြစ်ပါတယ်။ အဲ့ဒီမတ်လ ၁၈ ရက်နေ့ကစတင်ခဲ့တဲ့ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု တွေကြောင့် ဝိုင်းမော်မြို့နယ် ခတ်ချိုရပ်ကွက်ကအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ရ ပြီးဖြစ်ပါတယ်။ By – အမိုး
Read More » -
6 Juneသတင်း
ဝိုင်းမော်မြို့နယ်က တောင်သူတွေမိုးစပါးစိုက်ပျိုးဖို့အခက်ကြုံနေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတောင်သူတွေ ဒီနှစ်အတွက်မိုးစပါးစိုက်ပျိုးဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ မိုးရာသီစဝင်နေပြီမို့ ရွာပြန်ပြီးလယ်လုပ်ချင်ပေမယ့် စစ်တပ်က လက်နက်ကြီးတွေပစ်ခတ်တာတွေရှိနေတဲ့အတွက် ရွာပြန်ဖို့အခက်တွေ့နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်မတို့က ပြန်ဖို့အခက်တွေ့နေတယ် လမ်းမကြီးကိုကပိတ်နေတယ် ဟိုတလောကတောင်ရွှေညောင်ပင်ဘက်ကရှောင်လာတဲ့သူတွေတောင် ပြန်အပစ်ခံလိုက်ရသေးတယ်ဆိုတော့ အားလုံးက ပြန်ဖို့ကြောက်နေတာပေါ့”လို့ ဆိုပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တွေအပါအဝင် မြို့နဲ့အနီးဆုံးကျေးရွာတွေဖြစ်တဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ရွှေညောင်ပင်၊ ဝူယန်နဲ့ ခကွမ်၊နောင်ဟီး၊စန်းကား၊ခတ်ချို၊မုတ်လွှဲ၊ခါးရှီ၊ အင်းရွာ အစရှိတဲ့ ရွာတွေထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အောင်မြေ ၁ ၊အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာ၊ အင်းရွာ၊ ခါးရှီရွာတွေဟာ ဝိုင်းမော်မြို့ကနေ– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးမှာရှိပြီး ဒီထဲက အောင်မြေ ၁ နဲ့ အောင်မြေ ၂ ၊ရွှေညောင်ပင်ရွာတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ကာ အင်းရွာနဲ့ ခါးရှီကတော့ လွန်ခဲ့တဲ့ မေလမှာထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ဒါ့အပြင် ဧရာဝတီမြစ်ကမ်းနံဘေးရွာတွေဖြစ်တဲ့ မုတ်လွှဲ၊ ခတ်ချို၊ မခန္တီး၊နောင်ဟီး၊စန်းကားရွာတွေကလည်း ပြီးခဲ့တဲ့ မေလကနေ ထွက်ပြေးနေရသလို ဝိုင်းမော်မြို့အနီးဆုံးကျေးရွာတွေဖြစ်ပြီး ခလရ ၅၈ ရှိတဲ့ ရပ်ကွက်ဖြစ်တဲ့ ခကွမ်ရွာ၊ဝူယန်ရွာနဲ့ ဝိုင်းမော်– ဝါးရှောင်သွားလမ်းမပေါ်ရှိတဲ့ လမြန်ကျေးရွာတွေလည်း တစ်ရွာလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒီကျေးရွာတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအများဆုံးဖြစ်ပြီး တစ်နှစ်စာအတွက် မိုးတွင်းကာလရောက်တိုင်း မိုးစပါးကိိုစိုက်ပျိုးပြီး ရိက္ခာသိုလှောင်စုစောင်းကြတာဖြစ်ပါတယ်။ သို့သော် လက်ရှိ စပါးထွန်ယက်စိုက်ပျိုးရမယ့်အချိန်ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း စစ်တပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ ရွာထဲကျရောက်ပေါက်ကွဲတာရှိသလို စစ်ကောင်စီတပ်သားတွေကလည်း ရွာသွားတဲ့လမ်းမတွေမှာလည်း တားဆီးစစ်ဆေးတာတွေရှိနေတာကြောင့် နေရပ်ပြန်ဖို့ အလွန်ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံတောင်သူတွေအနေနဲ့ ဒီနှစ်မိုးစပါးတွေကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ အခက်ကြုံနေရပြီး မိုးစပါးမစိုက်ပျိုးနိုင်ပါက လာမယ့်နှစ်မှာအငတ်ဘေးကြုံတွေ့လာနိုင်တာကြောင့် စိုးရိမ်နေမိတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “လယ်ယာ စိုက်ပျိုးတာကိုတော့ သေချာလုပ်ခွင့်တော့ ရချင်ပါတယ် ဒီလိုမှ မဟုတ်ရင်တော့ နောင်နှစ်တွေမှာ အငတ်ဘေးကြုံမှာကို စိုးရိမ်မိတယ် ဒီနှစ်က စစ်ဖြစ်တယ်ဆိုပေမယ့်လည်း မနှစ်က လုပ်ထားတာတွေရှိတော့ စားဖို့တော့ ရနေတာပေါ့”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ By – Hope
Read More » -
5 Juneသတင်း
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။ ဝိုင်းမော်မြို့က စာသင်ကျောင်းတွေမှာ မေလ ၂၈ရက်နေ့ ကတည်းကနေ ကျောင်းအပ်တာတွေကို လက်ခံနေတာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့…
Read More » -
3 Juneသတင်း
ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ ဇွန်လ ၂…
Read More » -
May- 2024 -29 Mayသတင်း
ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ
ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့ ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…
Read More » -
29 Mayသတင်း
ဝိုင်းမော်မှာ ဒေသခံတွေ စွန့်ခွာထားတဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရ
ဝိုင်းမော်မြို့နယ်မှာ ဒေသခံတွေတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရချိန် ပစ္စည်းရွှေ့ပြောင်းတဲ့ပုံစံအယောင်ပြပြီးတော့ ပစ္စည်းတွေခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ တိုက်ပွဲတွေပြင်းထန်လာလို့ ဝိုင်းမော်မြို့ပေါ်ကဒေသခံတွေအပါအဝင် ရွာပေါင်း ၂၀ လောက်က အရပ်သားတွေ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အခုလိုဒေသခံတွေအများစု တိုက်ပွဲကြောင့်ထွက်ပြေးနေကြရချိန် အခွင့်ကောင်းယူပြီး ပစ္စည်းတွေခိုးယူနေကြသူတွေရှိနေတယ်လို့ ဝိုင်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အများစုကတော့ ရွှေ့ပြောင်းကြတာပေါ့ အဲ့လိုဆိုတော့တစ်ချို့ကလည်း ပစ္စည်းတွေအားလုံးမသယ်သွားနိုင်တဲ့အခါမှာ သူခိုးတွေကလည်း ကိုယ်ပိုင်ကားကြီးတွေနဲ့မောင်းလာပြီးတော့ ပစ္စည်းသယ်ထုတ်သွားတာတွေ ပိုင်ရှင်လိုလို အဲ့လိုပစ္စည်းတွေကောက်တင်သွားကြတယ်”လို့ ပြောပါတယ်။ အခုလိုဖြစ်စဥ်တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရတဲ့ ခတ်ချိုကျေးရွာအပါအဝင်၊နောင်ဟီး၊စန်းကားကျေးရွာအပါအဝင် ရွာအများပိုင်းမှာ အဖြစ်များပြီး ဝိုင်းမော်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်ကယ်တစ်စီးလုယက်ခံရ တဲ့ဖြစ်စဥ်လည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို နေအိမ်ပေါ်တင်ဖောက်ထွင်းခိုးယူခံရတာတွေကြောင့် ဘေးလွှတ်ရာကိုထွက်ပြေးသွားကြတဲ့ အိမ်ပိုင်ရှင်တစ်ချို့ဟာ အသက်အန္တရာယ်ရှိတဲ့ ဝိုင်းမော်မြို့နယ်ထဲပြန်ဝင်လာပြီး အိမ်စောင့်နေရတာမျိုးတွေပါရှိလာတယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။ “အများကြီးပေါ့ဒုက္ခရောက်တာပေါ့ တိရစ္ဆာန်တွေကအစပေါ့ တစ်ချို့ကတော့ ပစ္စည်းတွေက သယ်ယူသွားဖို့တောင်မနိုင်ဘူးလေ အဲ့တော့ စစ်မြေပြင်ကြားထဲမှာ ပစ္စည်းဥစ္စာစောင့်နေရတာမျိုးလည်းရှိတယ်။ ထွက်ပြေးသွားတဲ့သူတစ်ချို့လည်း တိုက်ပွဲဖြစ်လာမှာကို မကြည့်ပဲ ပြန်လာပြီး ပစ္စည်းတွေစောင့်နေရတယ်” လို့ ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူပေါင်း အဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကအတော် လေးပြင်းထန်ခဲ့တာပါ။ အဲ့ဒီလိုပြင်းထန်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ခတ်ချို ကျေးရွာ၊ ကွက်သစ်ရပ်ကွက်က အရပ်သား ၈ ယောက်လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က တိုက်ပွဲအကြားပိတ်မိခဲ့တဲ့ငှက်ပျောလုပ်သားတွေနဲ့ ရွှေမှော်လုပ်သားတွေလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှု ကြောင့် ၁ ယောက်သေဆုံး အယောက် ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ By – အမိုး
Read More » -
27 Mayသတင်း
KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ
ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
24 Mayသတင်း
ဝိုင်းမော်မှာ ငှက်ပျောသီးတင်တဲ့ကားရာနဲ့ချီပိတ်မိနေ
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ယာဥ်တန်းများလွန်းတဲ့အတွက် ငှက်ပျောသီးကားရာနဲ့ချီ ခတ်ချိုကျေးရွာတစ်ဝိုက်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားအများစုက မြစ်ကြီးနားမြို့ဘက်ကို အဓိက ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ကြတဲ့အရပ်သားကလည်း သောင်းနဲ့ချီရှိပြီး ဝိုင်းမော်ကနေ မြစ်ကြီးနားမြို့ဘက်ကိုသွားရာလမ်းကြောင်းကလည်း တစ်လမ်းတည်းရှိတဲ့ အတွက် အခုလိုကားတွေပိတ်မိကုန်ကြတာလို့ ဒေသခံတစ်ယောက်ကပြောပါ တယ်။ “နေ့တိုင်းသွားနေကြတာပဲ မြစ်ကြီးနားဘက်ကို ပြွတ်သိပ်ပြီးတော့ပေါ့ လမ်းက လည်းဒီတစ်လမ်းပဲရှိတာကို တန်းဆီပြီးတော့ပိတ်နေကြတာ ခတ်ချိုဘက်မှာဆို ငှက်ပျောကားတွေဆိုရာချီတယ် ပိတ်နေတာ သူတို့က ကွေ့လို့လည်းမရ တွဲကား ကြီးတွေဆိုတော့လေ”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်နဲ့မြစ်ကြီးနားမြို့တို့အကြား ဧရာဝတီမြစ်ခြားထားပြီး တစ်ဖက်ကမ်း ကိုကူးဖို့အသုံးပြုလို့ရတဲ့ မြစ်ကူးတံတားက ဗလမင်းထင်တံတားတစ်စင်းပဲရှိတာ ဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၄ ရက်အတွင်း ဝိုင်းမော်မြို့နယ်ထဲက အရပ်သား သောင်းနဲ့ချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရပ်သားအားလုံးတိမ်းရှောင်ခဲ့ရတဲ့ ခတ်ချိုရွာတစ်ဝှိုက်မှာတော့ နေအိမ်ဖောက် ထွင်းခံရတာတွေရှိနေတယ်လို့ သိရပါတယ်။ “အခုကအကုန်လုံးလိုလိုထွက်ပြေးကုန်ကြတာ လမ်းမှာတွေ့ခဲ့တာဆိုရင် ခိုးတဲ့လူ တွေက ကားနဲ့ကိုခိုးကြတာချောင်းနေကြတာ အဲ့လိုတွေဖြစ်နေတာပေါ့ “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမော်ကနေ ဝိုင်းမော်ကိုလာတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်အဝင်ဆိုင်းဘုတ် အထိ နေရာယူထားကြပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခု သာကျန်ရှိတော့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့စစ်ရေးပြင်းထန်လာတာနဲ့အတူ အရပ်သားတွေထွက်ပြေးရတဲ့ နှုန်း ဆက်တိုက်မြှင့်တက်နေသလိုတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးတွေ ကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ By – အမိုး
Read More » -
23 Mayသတင်း
ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး
ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးတော့ ၁၁ ယောက်ကထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးကုသမှုခံယူနေရင်းသေဆုံးသွားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့တစ်ယောက်ဆုံးတယ် အဲ့ဒီဒဏ်ရာရတဲ့သူထဲကတစ်ယောက်ဆုံးတာ အမျိုးသမီးဟုတ်တယ်။ မနက်ဖြန်မှ သင်္ဂြိုဟ်မယ်“လို့ပြောပါတယ်။ သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ ဝမ်းဗိုက်မှာဒဏ်ရာရရာကနေ ၃ ရက်အကြာ ဆေးကုသမှုခံယူရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကစတင်ပြီးတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီကလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒီနေ့မနက် လေယာဥ်နဲ့ပစ်တော့ ရွှေညောင်ပင်ပန်းကုန်းက ကျောင်းဓမ္မာရုံကိုသွားထိတယ် နည်းနည်းထိ သွားတာပေါ့ ဒီမနက်က ၅ နာရီလောက်ကနေ လေယာဥ်ကဝဲနေတာ စောင့်ကြည့်နေတာပေါ့အခုပုံစံက တော့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာတော့ အခုလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဒီနေ့အထိ ဝိုင်းမော်မြို့ပေါ်ကဒေသခံ တွေရော ကျေးရွာပေါင်း ၂၀ကျော်ကဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ခတ်ချိရွာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တိုက်ပွဲစဖြစ်တဲ့နေကနေ ဒီနေ့အထိ လက်နက်ကြီး နှစ်ကြိမ်တိုင်တိုင် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သလို ၁၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ခတ်ချိုကျေးရွာရဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ကမ်း ဇီးကျွန်းမှာ စစ်တပ်က လက်နက်ကြီးထောင်ထားပြီး အဲဒီကနေ ပစ်ခတ်နေတော့ ခတ်ချိုရွာရဲ့နောက်ကျောမှာရှိတဲ့ ကွက်သစ်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ By – အမိုး
Read More » -
22 Mayစစ်ရေး
ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့ အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူး”လို့ပြောပါတယ်။ KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၃ ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း ၃ ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။ ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။…
Read More »









