သတင်း

ဝိုင်းမော်မြို့နယ်က တောင်သူတွေမိုးစပါးစိုက်ပျိုးဖို့အခက်ကြုံနေ

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတောင်သူတွေ ဒီနှစ်အတွက်မိုးစပါးစိုက်ပျိုးဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။

သို့သော် ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ရေးအခြေနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ မိုးရာသီစဝင်နေပြီမို့ ရွာပြန်ပြီးလယ်လုပ်ချင်ပေမယ့် စစ်တပ်က လက်နက်ကြီးတွေပစ်ခတ်တာတွေရှိနေတဲ့အတွက် ရွာပြန်ဖို့အခက်တွေ့နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

ကျွန်မတို့က ပြန်ဖို့အခက်တွေ့နေတယ် လမ်းမကြီးကိုကပိတ်နေတယ် ဟိုတလောကတောင်ရွှေညောင်ပင်ဘက်ကရှောင်လာတဲ့သူတွေတောင် ပြန်အပစ်ခံလိုက်ရသေးတယ်ဆိုတော့ အားလုံးက ပြန်ဖို့ကြောက်နေတာပေါ့လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်ခဲ့တာကြောင့်  မြို့ပေါ်ရပ်ကွက်တွေအပါအဝင် မြို့နဲ့အနီးဆုံးကျေးရွာတွေဖြစ်တဲ့ အောင်မြေ   အောင်မြေ   ၊ရွှေညောင်ပင်၊ ဝူယန်နဲ့ ခကွမ်၊နောင်ဟီး၊စန်းကား၊ခတ်ချို၊မုတ်လွှဲ၊ခါးရှီ၊ အင်းရွာ အစရှိတဲ့ ရွာတွေထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အောင်မြေ  ၊အောင်မြေ  နဲ့ ရွှေညောင်ပင်ကျေးရွာ၊ အင်းရွာ၊ ခါးရှီရွာတွေဟာ ဝိုင်းမော်မြို့ကနေ– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးမှာရှိပြီး ဒီထဲက အောင်မြေ  နဲ့ အောင်မြေ  ၊ရွှေညောင်ပင်ရွာတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ကာ အင်းရွာနဲ့ ခါးရှီကတော့ လွန်ခဲ့တဲ့ မေလမှာထွက်ပြေးတိမ်းရှောင်နေကြတာပါ။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းနံဘေးရွာတွေဖြစ်တဲ့ မုတ်လွှဲ၊ ခတ်ချို၊ မခန္တီး၊နောင်ဟီး၊စန်းကားရွာတွေကလည်း ပြီးခဲ့တဲ့ မေလကနေ ထွက်ပြေးနေရသလို ဝိုင်းမော်မြို့အနီးဆုံးကျေးရွာတွေဖြစ်ပြီး  ခလရ ၅၈ ရှိတဲ့ ရပ်ကွက်ဖြစ်တဲ့ ခကွမ်ရွာ၊ဝူယန်ရွာနဲ့ ဝိုင်းမော်– ဝါးရှောင်သွားလမ်းမပေါ်ရှိတဲ့ လမြန်ကျေးရွာတွေလည်း တစ်ရွာလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒီကျေးရွာတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအများဆုံးဖြစ်ပြီး တစ်နှစ်စာအတွက် မိုးတွင်းကာလရောက်တိုင်း မိုးစပါးကိိုစိုက်ပျိုးပြီး ရိက္ခာသိုလှောင်စုစောင်းကြတာဖြစ်ပါတယ်။ 

သို့သော် လက်ရှိ စပါးထွန်ယက်စိုက်ပျိုးရမယ့်အချိန်ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း စစ်တပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ ရွာထဲကျရောက်ပေါက်ကွဲတာရှိသလို စစ်ကောင်စီတပ်သားတွေကလည်း ရွာသွားတဲ့လမ်းမတွေမှာလည်း တားဆီးစစ်ဆေးတာတွေရှိနေတာကြောင့် နေရပ်ပြန်ဖို့ အလွန်ခက်ခဲနေဆဲဖြစ်ပါတယ်။ 

ဒါကြောင့်ဒေသခံတောင်သူတွေအနေနဲ့  ဒီနှစ်မိုးစပါးတွေကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ အခက်ကြုံနေရပြီး မိုးစပါးမစိုက်ပျိုးနိုင်ပါက လာမယ့်နှစ်မှာအငတ်ဘေးကြုံတွေ့လာနိုင်တာကြောင့် စိုးရိမ်နေမိတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

လယ်ယာ စိုက်ပျိုးတာကိုတော့ သေချာလုပ်ခွင့်တော့ ရချင်ပါတယ် ဒီလိုမှ မဟုတ်ရင်တော့ နောင်နှစ်တွေမှာ အငတ်ဘေးကြုံမှာကို စိုးရိမ်မိတယ် ဒီနှစ်က စစ်ဖြစ်တယ်ဆိုပေမယ့်လည်း မနှစ်က လုပ်ထားတာတွေရှိတော့ စားဖို့တော့ ရနေတာပေါ့လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button