သတင်း

ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။

ဇွန်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝိုင်းမော် ရွှေညောင်ပင်ရွာဘက်ကို ဂျက်လေယာဉ် လေယာဉ်ဗုံးကြဲခဲ့တဲ့အပြင် တာလောကြီးနဲ့ ဘော်ဆာဒီရွာကို ဆက်သွယ်ထားတဲ့ တံတားကိုလည်း ဗုံးကြဲခဲ့တာကြောင့် KIA နဲ့ AA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

မနေ့ညနေက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ တံတားကို ဗုံးကြဲဖျက်ဆီးတာပေါ့။ လူက ၃ ယောက်သေတယ်ပြောတယ်။ ၂ ယောက်ကတော့ တံတားပေါ်ကနေ ဖြတ်လာစဉ် ကွက်တိဖြစ်သွားလို့ တံတားပေါ်မှာတင် ၂ ယောက်သေတယ်။ ကျန်တစ်ယောက်က တံတားစောင့်လားကောင်းကောင်းမသိဘူး တစ်ယောက်သေဆုံးသေးတယ်သိရပါတယ်လို့ တာလောကြီးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လတ်တလော ကချင်လွတ်လပ်ရေးတပ်မတော် KIA လှုပ်ရှားနယ်မြေလို့ယူဆတဲ့ ကျေးရွာတွေကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေ ဆက်တိုက်လုပ်နေပါတယ်။

အလားတူ တာလောကြီးဘော်ဆာဒီးအပြင် စန်းကားနောင်းဟီးကျေးရွာဘက်သွားတဲ့ တံတားတစ်ခုကို ထပ်မံဗုံးကြဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီတံတားက ဒေသခံရွာသားတွေ အသုံးပြုနေတဲ့ တံတားဖြစ်သလို KIA ဘက်ကလည်း သွားသွားလာလာလုပ်နေတယ်ဆိုတာ စစ်တပ်ဘက်က ယူဆရပုံပါပဲ။ အခုက ဝိုင်းမော်ကိုဝင်တော့မယ်ဆိုတာ သတင်းလည်းထွက်ပေါ် ပြီးတော့ စစ်တပ်က သူတို့တိုင်းနဲ့လည်းနီးစပ်လာတော့ KIA ရဲ့ သွားလာရေးကို ပိတ်ပင်တားဆီးလိုတာကြောင့် အခုလို တံတားကို ဖျက်ဆီးတာဖြစ်တယ်လို့ မြင်တယ်လို့ တာလောကြီးဒေသခံတစ်ဦးက ပြောပါတယ်။

ဘော်ဆာဒီး ၊ နောင်ဟီး၊ စန်းကား စတဲ့ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ အားလုံးနီးပါးစစ်ဘေးရှောင်ကုန်ပြီဖြစ်ပြီး အိမ်စောင့်တွေလောက်သာကျန်နေတော့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ နောင်းဟီး၊ စန်းကားအပါအဝင် မြစ်ကမ်းနံ‌ ဘေးတစ်‌လျှောက် ဗလမင်းထင်တံတားကနေ ဧရာ၀တီမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူနေရာထားတာတွေရှိသလို မိုင်းထောင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာနဲ့ ဒဘတ်ကျေးရွာကို ဆက်သွယ်တဲ့ ဒဘတ်ချောင်းကွန်ဂရစ်တံတားကြီးကို မိုင်းခွဲပျက်စီးလိုက်တာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မေလ ၂၁ ရက်နေ့က ရွှေညောင်ပင်စစ်ကောင်စီတပ်ရင်း ခမရ ၃၂၁ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိချိန် ဝိုင်းမော်မြို့ ၅၈ တပ်ရင်းနဲ့ ရဲစခန်းတွေမှာ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button