မိုးမောက်
-
May- 2024 -15 Mayတိုက်ပွဲ
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး
ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
14 Mayလူ့အခွင့်အရေးချိုးဖောက်မှု
မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ
“ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။
Read More » -
10 Mayသတင်း
စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ
ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မိုးမောက်၊ မံစီ မြို့နယ်တွေမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူအများပိုင်း ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့် တစ်ချို့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြရာ မေလ ၈ ရက်ညနေ ၉ နာရီဝန်းကျင် စီအင်ရွာဘက် လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာအပြင် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ အိမ်လည်းလောင်၊ ဆိုင်တွေလည်း လောင်သွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေပြောတာ လက်နက်ကြီးတွေ ဒရုန်းတွေက မိုးရွာချသလို ကျတာတဲ့၊ လက်နက်ကြီးထိပြီးတော့ တစ်ယောက်ဆုံးပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်”လို့ပြောပါတယ်။ ကျည်ထိမှန်သေဆုံးတဲ့သူကို ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မေလ ၉ ရက်နေ့ မနက် ၆ နာရီခန့်လောက်မှာ သွားခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ဒေသခံပြည်သူအားလုံးနီးပါး ထွက်လာခဲ့ကြပေမဲ့ အသက်ကြီးသူတစ်ချို့နဲ့မသန်စွမ်းတစ်ချို့ ကျန်နေခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။ “အခုထိရွာထဲမှာ ကျန်နေတဲ့သူတွေရှိတယ်၊ အသက်ကြီးပြီး သေမထူးနေမထူးဆိုပြီး နေခဲ့ကြတယ်၊ ခန့်မှန်းခြေ ကျွန်မတို့ရွာအပိုင်းမှာ ဆိုရင် ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်”လို့ စီအင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ ဒ့ါအပြင် မေလ ၈ ရက်နေ့ မှာလည်း စီအင် ၅မိုင် ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ညောင်ပင်အောက်မှာရှိနေတဲ့ နွား ၁၀ ကောင်ထက်မနည်း သေဆုံးသွားတဲ့အပြင် စီဟဲကျေးရွာမှာလည်း လက်နက်ကြီးကျရောာက်ပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ ၇ ရက်နေ့ မြို့သစ်ဆေးရုံ၊ မံစီ ဆေးရုံတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သူနာပြုဆရာမတစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ By – Bu Bu
Read More » -
9 Mayစစ်ပြေးဒုက္ခသည်များ
ဗန်းမော်မှာထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမောက် နဲ့ မံစီ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ
ဗန်းမော်ခရိုင် မိုးမောက်၊ မံစီနဲ့ ဗန်းမော် မြို့နယ် ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဗန်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးအပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့တွင်း ယာယီစစ်ရှောင်စခန်းတွေမှာခိုလှုံနေကြရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။ “အကုန်လုံးက ကစဉ့်ကလျား ထွက်ပြေးလာခဲ့ရတဲ့ အတွက် သူတို့မှာ ဘာမှ မယူလာခဲ့ရဘူး၊ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား တွေကအစ၊ သောက်ရေတွေ၊ အိုးခွက် ပန်းကန်တွေ လူတွေလည်း အရမ်းများလာတော့လေ၊ ဖျားနာတဲ့သူတွေလည်း ရှိတော့ ဆေးတွေလည်း လိုအပ်နေတယ်၊ အမျိုးသမီးအသုံးအဆောင်က အစပေါ့နော်” လို့ပြောပါတယ်။ မိုးမောက်၊မံစီဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းသာမက ဗန်းမော်မြို့တွင်း ရပ်ကွက်မှာရှိတဲ့ ဆွေမျိုး၊ အသိမိတ်ဆွေတွေမှာ လာရောက်ခိုလှုံနေတဲ့သူတွေ ရှိသလို နီးစပ်ရာတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ချိန် မိုးမောက်မြို့အထွက်မှာ စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် တောလမ်းဘက်ကနေ ထွက်ပြေးခဲ့ရတာကြောင့် ကိုယ်လွတ်ရုန်းထွက်ခဲ့ကြရတာဖြစ်ပြီး လမ်းပိုင်းမှာကားပျက်သွားတဲ့အတွက်ရောက်မလာသေးတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။ “တိုက်ပွဲက ၅ နာရီလောက်မှာ စဖြစ်တော့ ကျွန်မတို့လည်း နည်းနည်းပါးပါးပြင်ဆင်ပြီး ထွက်ပြေးခဲ့ရတာပေါ့၊ မိုးမောက်မြို့ အထွက်မှာ ပိတ်ထားတော့ ကျွန်မတို့ တောလမ်းဘက်ကနေ ထော်လာဂျီလာခဲ့ကြတာ၊ ကားတစ်စီးက လမ်းမှာ ပျက်သွားတော့ ကျန်ခဲ့ရတယ်၊ တောလမ်းဆိုတော့ လမ်းမှာလည်း ရွံ့တွေနဲ့ လေယာဉ်တွေလည်း ကြောက်ရတာနဲ့ ကျွန်မတို့ လမ်းမှာ ၅ နာရီလောက်တော့ ကြာခဲ့တာပေါ့”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့တွင်း စစ်ရှောင် အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀၀ ကျော်ရှိပြီးတော့ အဲ့ဒီစစ်ရှောင်တွေဟာ မိုးမောက်မြို့ ၊ အလင်းကောင် ၊ခါနန် ၊ကြေးနန်း ၊မံပုံ၊ ကျောက်စခန်း ၊ပီမိုးညှင်း ၊လုံဂျာ ၊မာ့ ခွိုင် ၊မင်းကျမ်း ၊စီဟက်၊ကုန်းလော ၊နောင်ပေါင်း ၊မံခွန် နှင့် ဗန်းမော်မြို့ စင်းခန်း ၊ကေါင်းတုံ ၊စီဟဲ ကမ္ဘားနီ စတဲ့ ရပ်ကွက်/ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မေလ ၇ ရက်နေ့မှာ စင်းခန်းရွာထဲမှာ အထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိ မိုးမောက်၊မံစီမြိုတို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ တိုက်ပွဲဟာ ဗန်းမော်မြို့နဲ့ ၄ မိုင်အကွာလောက်မှာရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်စိတ်နဲ့ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာထောက်ပံ့ပေးကြဖို့ကိုလည်း စစ်ဘေးရှောင်ကူညီနေသူတွေက တောင်းဆိုနေကြပါတယ်။ By – Bu Bu
Read More » -
9 Mayတိုက်ပွဲ
မိုးမောက်နဲ့ မံစီ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စခန်းတစ်ချို့သိမ်းပိုက်ဖို့ကျန်ရှိနေသေး
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်က မြို့တွင်းမှာရှိတဲ့ စစ်သားတွေကိုတော့ ရှင်းလင်းနိုင်သလောက်ရှိသွားပြီ။ အခုက ၄၃၇ တပ်ရင်းထဲမှာရှိနေသေးတာကြောင့် တိုက်ပွဲက ရပ်မသွားဘူးဆက်ဖြစ်နေသေးတယ်။ ဒီမနက်က ကြံခင်းရှိတဲ့ ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုးမောက်မြို့တွင်းရပ်ကွက် လူနေအိမ်တစ်ချို့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းတွေမှာ လက်နက်ကြီးတွေအထိုင်ချထားပြီး နေရာယူထားတာကြောင့် KIA တပ်တွေက ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့တွင်းနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းလိုက်နိုင်ပြီး ကျန်ရှိနေသေးတဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ၃ ရက်မြောက်ကြာတဲ့အထိ တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ အလားတူ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ကာကင်းတပ်စခန်းအကြီးဖြစ်တဲ့ ဝလောင်လ(Walawng La)တပ်စခန်းကို KIA က သိမ်းပိုက်ထားနိုင်ပြီး မတ်လ ၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ တပ်စခန်းတစ်ခုလုံးရှင်းလင်းရေးဆောင်ရွက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “မံစီက မြို့ပြင်အနီးကုန်းက အဓိက အရေးပါတဲ့ ကာကင်းတပ်စခန်းကြီးကို သိမ်းပိုက်ထားပြီ။ သိမ်းပိုက်ထားနိုင်လို့ ဒီကနေ့ မနက်က ရှင်းလင်းရေးလုပ်ဆောင်နေတယ်။ အခုက တပ်စခန်းအကြီးတွေဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကိုတော့ KIA က သွားပစ်တာမရှိသေးဘူး”လို့ပြောပါတယ်။ KIA တပ်ဘက်က မံစီမြို့ကို ထိန်းချုပ်ထားတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ မံစီမြို့တွင်းတပ် ခမရ ၆၀၁ တပ်ရင်းနဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို သွားရောက်ပစ်ခတ်တာမရှိသေးဘူးလို့ဆိုပါတယ်။ ခုလို KIA ဘက်က မံစီမြို့မှာရှိတဲ့ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးမောက်နဲ့ မံစီမြို့ ၂ ခုစလုံးဟာ ကချင်ပြည်နယ်ရဲ့ အကြီးဆုံး မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ထိခိုက်ပျက်စီးတာတွေ၊ ဒေသခံပြည်သူတစ်ချို့ ပိတ်မိနေတာတွေလည်းရှိနေပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေနေအသေးစိတ်ကို ဆက်သွယ်မေမြန်းဖို့ ခက်ခဲဖြစ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မြို့တွင်းတိုက်ပွဲဟာ ဗန်းမောက်မြို့ပေါ်ဘက်ကို ဦးတည်လာနေပြီး ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာသာ တိုက်ပွဲရောက်ရှိလာနေတာကြောင့် ဗန်းမော်မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဗန်မော်ဒေသခံတွေက မေလ ၉ ရက်နေ့ ဒီနေ့ကစပြီး ရရာလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို အမြှောက်လက်နက်ကြီးတွေ မရပ်မနားပစ်နေတာ ခုတိုက်ပွဲဖြစ်တာကလည်း ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာပဲဖြစ်နေကြပြီ။ ကျနော်တို့ ပြည်သူတွေ အချင်းအချင်းတောင်မတွေ့ဖြစ်ကြတော့ဘူး။ တောလမ်းနဲ့ ရရာအကုန်ထွက်ပြေးကြကုန်ပြီ”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီ မြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်လောက်ကြာမြင့်လာပြီလို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာက မိုးမောက်နဲ့ မံစီမြို့တွင်းနေရာတွေမှာတင်မဟုတ်ဘဲ ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာမှာတင် ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဗန်းမော်ဒေသခံတွေက ရရာလမ်းနဲ့ ထွက်ပြေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
7 Mayတိုက်ပွဲ
မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA…
Read More » -
7 Mayတိုက်ပွဲ
မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ
ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Apr- 2024 -24 Aprilစစ်ရေး
မိုးမောက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်
စစ်ရေးတင်းမာနေတဲ့ မိုးမောက်မြို့မှာ လက်နက်ကြီးပစ်ခတ်တာဆက်တိုက်ရှိနေဆဲဖြစ်တာကြောင့် မြို့ခံပြည်သူတွေအပါအဝင် မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မိုးမောက်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်တွေကြား ဧပြီလ ၂၃ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်တာ ရပ်တန့်တာမရှိသေးဘူးလို့ ခူးလီ၊ နန့်လိုင် ကျေးရွာဘက်က ဒေသခံတစ်ယောက် က KNG ကိုပြောပါတယ်။ “မနေ့ကဆို အဲ့ဒီ ၁၅…
Read More » -
22 Aprilမြေယာနှင့် သဘာဝပတ်ဝန်းကျင်
စိန်လုံတောင် (Sinlum Bum) တစ်ကြော ဒေသခံတွေ ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေရှားမတူးဖို့ ကန့်ကွက်
ဗန်းမော်ခရိုင် မိုးမောက်မြို့ နဲ့ လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တစ်ကြော ဒေသခံတွေပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေသတ္တုတူးဖော်မည့် စီမံကိန်းကို ဒေသခံတွေ ဆက်လက် ကန့်ကွက်နေတယ်လို့ သိရပါတယ်။ စိန်လုံတောင်အနီး ဗျဲန်ဝိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ကျေးရွာဒေသခံတွေကို ၎င်းတို့လုပ်ငန်းခွင်ထဲ သွားလာခွင့်ပိတ်ပင်ခဲ့ပြီး KIA ကတော့ မြေရှားသတ္တု ဆက်လက်တူးဖော်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဗျဲန်ဝိုင်မှာ တိုက်ပွဲဖြစ်ပေမဲ့…
Read More » -
22 Aprilတိုက်ပွဲ
မိုးမောက်မှာ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေစစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့တွင်းတပ်နဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးမောက်မြို့အထက်ဘက်ခြမ်းအားလုံးကိုနေရာယူထားတဲ့အပြင် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ…
Read More »