စစ်ရေးသတင်း

မိုးမောက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်

စစ်ရေးတင်းမာနေတဲ့ မိုးမောက်မြို့မှာ လက်နက်ကြီးပစ်ခတ်တာဆက်တိုက်ရှိနေဆဲဖြစ်တာကြောင့် မြို့ခံပြည်သူတွေအပါအဝင် မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင် သွားကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုးမောက်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်တွေကြား ဧပြီလ ၂၃ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်တာ ရပ်တန့်တာမရှိသေးဘူးလို့ ခူးလီ၊ နန့်လိုင် ကျေးရွာဘက်က ဒေသခံတစ်ယောက် က KNG ကိုပြောပါတယ်။

မနေ့ကဆို အဲ့ဒီ ၁၅ မိုင် ၁၇ မိုင် ဘက်ကနေ ည ၁၂ ထိလောက်ထိ လယ်ကွင်းတွေဘက်ရောဆက်တိုက်ပစ်နေတာ ၁၀ လုံးကျော်လောက်ရှိတယ်။ ဒီမနက်လည်း အလင်းကောင်ဘက်ကနေ လက်နက်သံတွေကြားနေရတော့ ဆို တစ်ရွာလုံးလည်း ဘယ်သူမှ မရှိတော့ဘူး၊ ကျွန်တော်တစ်ယောက်တည်း ကျန်တာ၊ အကုန် ရှောင်ကုန်ကြပြီလို့ဆိုပါတယ်။

လက်ရှိမှာတော့ မိုးမောက်မြို့တွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူတွေအ နေနဲ့  ထွက်ပြေးတိမ်းရှောင်လာသွားသူတွေရှိသလို ဗုံးခိုကျင်းတွေမှာ ပုန်းခိုနေတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဟိုတနေ့က အိမ်ရှေ့မှာဘဲတိုက်ပွဲဖြစ်တယ် တစ်အိမ်ကျော်ဘက် လက်နက်ကြီးကျပြီးတော့ အိမ်မီးလောင်သွားတယ်၊ အဲ့တာနဲ့ ကြောက်ပြီး ပြေးတာလို့ မိုးမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ လက်နက်ကြီးကြောင့် နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ပြီးတော့ အရပ်သား ၂ ယောက်သေဆုံး၊ ၈ တန်းအရွယ်မိန်းကလေးတစ်ယောက်ကတော့လက်ပြတ်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကျေးရွာတွေကတော့ မိုးမောက်မြို့နယ် ကြံခင်း ၊ခါနန် ၊အလင်းကောင် ရပ်ကွက် နဲ့ မံပုံ ၊ ကျောက်စခန်း က ဒေသခံပြည်သူတွေဖြစ်ပြီး လက်ရှိမှာတေ့ ဗန်းမော်မြို့ မြေနုရပ် လေးထပ်ကျောင်းမှာ ယာယီခိုလှုံနေကြတယ်လို့ သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့  မနက်ပိုင်းကစပြီး စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်ပြီး တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

ခုလို စစ်ကောင်စီတပ်ဘက်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ ပြီးခဲ့တဲ့ မတ်လလောက်ကနေ KIA ပူးပေါင်းတပ်တွေက မိုးမောက်မြို့အထက်ဘက်ခြမ်း မြို့နေရာနဲ့ အနီးတဝိုက်နေရာတွေမှာ လာရောက်နေရာယူထားတာကြောင့် တန်ပြန်တိုက်ခိုက်လာတာဖြစ်တယ်လို့မိုးမောက်မြို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button