တိုက်ပွဲသတင်း

မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ

ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA က ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်မှာ သိမ်းပိုက်ထားပြီးလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကိုတော့ လက်နက်ကြီးတွေနဲ့ပဲ ပစ်ခတ်နေသေးတယ်။ အခုဖြစ်နေတာက မြို့တွင်းမှာပုန်းခိုနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပစ်ခတ် ရှင်းလင်းနေတယ်။ စစ်သားတွေက မြို့တွင်းရပ်ကွက်တွေမှာအများပိုင်းရှိနေကြတယ်။ အခုက မိုးမောက်စျေးအထိ ရှင်းထားနိုင်ပြီလို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဧပြီလအတွင်းကနေ မိုးမောက်မြို့တွင်း ရပ်ကွက် ၄ ခုစလုံးမှာရှိတဲ့ စာသင်ကျောင်း၊ ဘာသာရေးကျောင်းနဲ့ လူနေအိမ်တွေမှာ လက်နက်ကြီးတွေချပြီး လာရောက်ပုန်းခိုနေရာယူထားကြတယ်လို့ ဆိုပါတယ်။

KIA တပ်တွေက မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ ခါနန်နဲ့ အလောန့်ကောင့် ရပ်ကွက် ၂ ခုသာ ရှင်းလင်းဆောင်ရွက်နိုင်ပြီး စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ ကျန်ရှိနေတဲ့ ကြေးနန်းနဲ့ မန်ဘုံရပ်ကွက်တွေမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

မိုးမောက်မြို့တွင်း လူနေအိမ်ရပ်ကွက်တွေထဲမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ လာရောက် ပုန်းခိုနေရာယူထားတာနဲ့ ပတ်သက်ပြီး မိုးမောက်ဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

စစ်သားတွေ မြို့အလယ်က စျေးနားတဝိုက်နဲ့ ဘုရားကျောင်ဝင်းတွေမှာ နေရာယူထားတဲ့ ၂ ပတ်လောက်ရှိလာပြီ။ သူတို့က ကတ်သလစ်ဘုရားကျောင်းနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းတွေထဲမှာ နေရာယူထားတယ်။ KBC ဘုရားကျောင်းဝင်းမှာ စစ်အင်အားပိုများတယ်။ အဲထဲမှာ လက်နက်ကြီးတွေချထားတယ်လို့ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းအပါ မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် မြို့တွင်း ရပ်ကွက်နေရာတွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းဆောင်ရွက်နေတာကြောင့် ဒီကနေ့ ညနေပိုင်း ၄ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက မြို့တွင်း လူနေရပ်ကွက်တွေမှာ ပုန်းခိုနေရာယူထားပြီးရှိနေတာကြောင့် ပြည်သူပိုင် နေအိမ်တစ်ချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆက်သိရပါတယ်။

အလားတူ တစ်ရက်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ မံစီမှာလည်း ဒီနေ့ ညနေပိုင်း ၃ နာရီဝန်းကျင်အထိ မြို့တွင်း မြို့ပြင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မံစီဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

လေယာဉ်နဲ့ လာပစ်သွားတာ ၄ ကြိမ်လောက်ရှိသွားပြီ။ တိုက်ပွဲက မြို့တွင်း မြို့ပြင် ပစ်ခတ်တာတွေ မရပ်သေးဘူး တိုက်ပွဲက ဆက်ဖြစ်နေဆဲဖြစ်တယ်။ ကျနော်တို့လည်း ဘယ်လောက်ထိ ဖြစ်နေသလဲဆိုတာကို အသေးစိတ်ပြောပြဖို့ ခက်နေသေးတယ်လို့ပြောပါတယ်။

မံစီတိုက်ပွဲမှာလည်း KIA ဘက်က ရဲစခန်းကို သိမ်းပိုက်ထားနိုင်ပြီး တပ်စခန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

မေလ ၇ ရက်နေ့ ဒီကနေ့ တစ်ရက်ထဲမှာပဲ KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ မိုးမောက်မြို့၊ မံစီမြို့နဲ့ ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနီးက စင်းခန်းတပ်စခန်း စတဲ့ ၃ နေရာကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီထဲမှာ ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ စင်းခန်းရွာမှာရှိတဲ့ ရဲစခန်းအပါ စစ်တပ်စခန်းအားလုံးကို ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ သိမ်းပိုက်ခဲ့တာကြောင့် လက်ရှိ စင်းခန်းရွာကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button