မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

စိန်လုံတောင် (Sinlum Bum) တစ်ကြော ဒေသခံတွေ ပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေရှားမတူးဖို့ ကန့်ကွက်

ဗန်းမော်ခရိုင် မိုးမောက်မြို့ နဲ့ လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တစ်ကြော ဒေသခံတွေပိုင်ဆိုင်တဲ့စိုက်ပျိုးမြေမှာ မြေသတ္တုတူးဖော်မည့် စီမံကိန်းကို ဒေသခံတွေ ဆက်လက် ကန့်ကွက်နေတယ်လို့ သိရပါတယ်။

စိန်လုံတောင်အနီး ဗျဲန်ဝိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ကျေးရွာဒေသခံတွေကို ၎င်းတို့လုပ်ငန်းခွင်ထဲ သွားလာခွင့်ပိတ်ပင်ခဲ့ပြီး KIA ကတော့ မြေရှားသတ္တု ဆက်လက်တူးဖော်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဗျဲန်ဝိုင်မှာ တိုက်ပွဲဖြစ်ပေမဲ့ မြေရှားသတ္တုတူးဖော်တာကတော့ မရပ်မနားဆက်တိုက်တူးနေတယ်။ ဒေသခံတွေကိုလည်း စစ်မရှောင်အထိ သူတို့ခြံတွေထဲ သွားလာခွင့်မပြုဘူး။ ခုထိဆက်တိုက်တူးနေဆဲဖြစ်တယ်။ အင်ခေါင်းပါဘက် တူးဖော်နေတာနဲ့ ဗျဲန်ဝိုင်ဘက်လည်း တူးဖော်နေခြင်းကြောင့် အဲဒီကနေရေတွေက နမ့်ဖတ်ချောင်းထဲ စီးဝင်တယ်။ နမ့်ဖတ်ချောင်းကိုလည်း ကျမတို့ ခပ်သောက်လို့မရတော့ဘူး။ နမ့်ဖတ်ချောင်းမှာလည်း ဘယ်သူမှ ရေမချိုးတော့ဘူး။ အခုချိန်ဆိုပိုဆိုး နမ့်ဖတ်ချောင်းဘေးတောက်လျှောက် စစ်ရှောင်တွေအများကြီး ရှိနေပေမဲ့ သောက်သုံးရေက ဒုက္ခကြုံတာမျိုးဖြစ်နေတယ်လို့ မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဗျဲန်ဝိုင် ( Byengwai) ဒေသခံတွေရဲ့ ရှောက်ကော၊ ပါကော စိုက်ပျိုးခင်းတည်ရှိတဲ့ လဂတ်ဘွမ် (Lagat bum) ဘက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မြေရှားသတ္တုတူးဖော်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကတည်းက ဒေသခံပြည်သူတွေ နည်းအမျိုးမျိုးနဲ့ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိချိန်ထိ KIO ဘက်က မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်ပေးခြင်း မရှိပဲ ဆက်လက်တူးဖော်နေတဲ့အတွက် တိရစ္ဆာန် သေဆုံးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

အင်ခေါင်းပါမှာ မြေရှားတူးဖော်ခြင်းကြောင့် တာကောချောင်း ပျက်စီးသွားတယ်။ နမ့်ဖတ်ချောင်းပျက်စီးသွားတယ်။ ကျမတို့အတွက် ဆိုးကျိုးအများရှိတယ်။ ရေ၊လေ ပျက်စီးပြီး အခုအဲဒီတဝိုက် တောတွင်းတရိစ္ဆာန်တွေတောင် သေဆုံးနေတာတွေတွေ့ရတော့ ကျမတို့က သွားရင်းလာရင်း လေတွေရှူရှိုက်ချိန် အဆိပ်အတောက် ဆိုးကျိုးတွေအရမ်းများနေတယ်လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

လွယ်ဂျယ် နဲ့ မိုင်ဂျာယန်ကြားက အင်ခေါင်းပါ ၊ ဂေါင်ရီကရုန် ဘက်မှာတော့ ဒေသခံတစ်ချို့ရဲ့ သဘောတူညီမှုတွေ ပါဝင်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက မြေရှားသတ္တုတူးဖော်နေတာ လက်ရှိချိန်ထိ ဖြစ်ပါတယ်။

လက်ရှိ စိန်လုံတောင်တစ်ဝိုက် ဒေသခံပြည်သူတွေကို မိမိစိုက်ပျိုးခင်းလုပ်ငန်းခွင်ထဲ သွားလာခွင့်မရအောင် တားမြစ်ပြီး မြေရှားတူးဖော်နေမှုကို ဒေသခံတွေဘက်က မရရအောင်ကန့်ကွက်ဖို့ရှိတယ်လို့ ဆက်လက်ပြောပါတယ်။ 

မိုးမောက်မြို့နယ် စိန်လုံတောင်တစ်ကြော မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်တဲ့အကြောင်း ဒေသခံပြည်သူတွေဟာ ဆိုင်းဘုတ် စိုက်ထူထားပြီး ကန့်ကွက်နေကြပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင် ကတ်သလစ်အသင်းတော် ၊ KBC အသင်းတော်စတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူတွေတောင်းဆိုတဲ့အတိုင်း မြေရှားသတ္တုတူးဖော်မှုကို ရပ်တန့်ပေးဖို့ စာထုတ်ပြန်ထားတာလည်း ရှိပါတယ်။

မံစီမြို့နယ် ဒိန်ဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်မယ့် စီမံကိန်းတွေကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် KIO အစိုးရဘက်က ၂၀၂၃ ခုနှစ် ဧပြီလမှာ ရပ်တန့်ပေးခဲ့ရပါတယ်။

ဒေသခံပြည်သူတွေ သဘောမတူတဲ့နေရာ၊ ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ရာနယ်မြေတွေမှာ ပြည်သူ့ သဘောဆန္ဒမပါပဲ မြေရှားသတ္တုမတူးဖော်ဖို့ မူပေါ်လစီရှိတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ပြောဆိုထားတာ ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button