တိုက်ပွဲသတင်း

မိုးမောက်မှာ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေ

မိုးမောက်မြို့ လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေစစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာတာကြောင့် မိုးမောက်မြို့ ခါနန်ရပ်ကွက်နဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်မြို့တွင်းတပ်နဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက အင်အားရာချီရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးမောက်မြို့အထက်ဘက်ခြမ်းအားလုံးကိုနေရာယူထားတဲ့အပြင် မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

စစ်တပ်က တန်ပြန်ထိုးစစ်လုပ်လာတာဟုတ်တယ်။ ဗန်းမော်ဘက်ရော မိုးမောက်မြို့တွင်းတပ်ထဲကကော မြို့အထက်ဘက်နေရာတွေမှာ နေရာယူထားကြပြီ။ ဒီမနက်က မိုးမောက် ခါနန်ရပ်ကွက် ကတ်သလစ်ဘုရားကျောင်း အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေကြတယ်။ ခူးလီ၊ နားလိုင်ဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် အင်အားအများအပြား မိုးမောက်မြို့အထက်ဘက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းနဲ့ ရဲစခန်းနေရာတွေမှာ အပြည့်အဝနေရာယူထားပြီး KIA ရှိတဲ့ဘက်ကို လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက မိုးမောက်စာသင်ကျောင်းနဲ့ ရဲစခန်းနေရာတွေမှာ နေရာယူထားပြီး KIA တပ်တွေရှိနိုင်တဲ့ လုံဂျာဘွမ့်(Lung Ja Bum) ၊ ဝဝမ်(Wawang) ၊ ကွမ်ဘန်(Kum Bang)၊ ရှခန့်ဒပ့်(Ja Hkant Dap) စတဲ့နေရာတွေဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်နေတယ်လို့သိရပါတယ်။

ခုလို စစ်ကောင်စီတပ်ဘက်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာဟာ ပြီးခဲ့တဲ့ မတ်လလောက် ကနေ KIA ပူးပေါင်းတပ်တွေက မိုးမောက်မြို့အထက်ဘက်ခြမ်း မြို့နေရာနဲ့ အနီးတဝိုက်နေရာတွေမှာ လာရောက်နေရာယူထားတာကြောင့် တန်ပြန်တိုက်ခိုက်လာတာဖြစ်တယ်လို့ မိုးမောက်မြို့ ဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောဆိုလာပါတယ်။

အဲဒီလို နီးနီးကပ်ကပ်နဲ့ နေနေကြတာက နည်းတော့ကြာပြီ။ တစ်လလောက်တော့ရှိပြီ။ စိန်လုံ၊ ဒါဆိုင်း တပ်စခန်းမသိမ်းခင်ကတည်းက KIA တပ်တွေက ဒီဘက်မှာနေရာယူထားကြပြီ။ မိုးမောက်ရဲ့ အောက်ဘက်မှာက စစ်တပ်တွေရှိတယ်။ အထက်ပိုင်းမှာက KIA တပ်တွေရှိနေတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်တိုက်ပွဲဖြစ်လာတဲ့ သဘောပါလို့ပြောပါတယ်။

မိုးမောက်မြို့တွင်းထဲမှာ တိုက်ပွဲဖြစ်ပွားလာတဲ့အခြေအနေဟာ မိုးမောက်မြို့အထက်ပိုင်းကို KIA တပ်တွေက ပြီးခဲ့တဲ့ မတ်လကတည်း လာရောက်နေရာယူထားတာကြောင့် စစ်တပ်ဘက်ကနေမိုးမောက်မြို့ကို လက်မလွတ်ရအောင် တန်ပြန်ခုခံတိုက်ခိုက်လာတဲ့သဘောဖြစ်တယ်လို့ မိုးမောက်ဒေသခံတွေကဆိုပါတယ်။

ဒီနေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ ၁၀ နာရီဝန်းကျင်အထိ မိုးမောက်မြို့တွင်းမှာ ပစ်ခတ်မှုတွေဖြစ်ပေါ်နေတာကြောင့် မိုးမောက်ဒေသခံပြည်သူတွေက ကတုတ်ကျင်းနဲ့ နီးစပ်တဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

မိုးမောက်မြို့ရဲ့ အနောက်ဘက် ၅ မိုင်လောက်အကွာမှာရှိတဲ့ ခူးလီကျေးရွာဘက်ကို စစ်တပ်ဘက်က နောက်ထပ် စစ်ကြောင်းတစ်ခုနဲ့ တစ်ပြိုက်နက်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ခူးလီနဲ့ မိုးမောက်မြို့ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လအတွင်း KIO/KIA လိုင်ဇာအနီးတဝိုက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ စစ်ကောင်စီတပ်တွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဗန်းမော်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့အပြင် မိုးမောက်မြို့ လက်မလွတ်ရအောင် စစ်အင်အား ထောင်ချီရှိတဲ့ စစ်ကောင်စီတပ်တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button