တိုက်ပွဲသတင်း

ရှေ့တန်းမှ အစိုးရတပ် အတွင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွား

ကချင် ဒေသ ရှေ့တန်းမှ အစိုးရတပ် အတွင်း စစ်သား တဦးမှ ၎င်းအထက် ဗိုလ်ကြီး (၁)ဦးနှင့် အခြားတပ်သား (၃)ဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးမှု ဇူလိုင် (၅) ရက် ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ယင်းတပ်မှာ လက်ရှိ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-လွယ်ဂျယ်လမ်း စိန်လုံ (Sinlum Kaba) ကျေးရွာတွင် တပ်ချနေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခလရ (၄၇) တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

လိုင်ဇာ ဗဟို ဌာနချုပ် KIO ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က “ထမင်းစားနေတဲ့ ဗိုလ်ကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နှင့် တပ်သား ၂ ယောက်ကို ပစ်သွားတယ်ဆိုတာတော့ သတင်းရတယ်။ ဒါပေမယ့် အဲဒီတပ်သား ဘယ်ကို ထွက်ပြေးနေတယ် ဘာကြောင့်လဲ ဆိုတာ ကတော့ တိတိကျကျ မသိရ သေးဘူး” လို့ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ပစ်သတ်ခံရသည့် အစိုးရ တပ်မတော်သားများကို ယမန်နေ့ပင် မီးရှို့ သဂြိုလ်လိုက်ကြောင်း မေးမြန်း သိရှိရပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ ကလည်း မုံးကို အနီး တပ်ချထားသည့် အစိုးရ တပ်မ ၉၉ အောက် ခမရ (၁၄) မှ စစ်သားတစ်ဦး တပ်ပြေးသွားသည့်အတွက် မုံးကို အနီး နမ်ဆူ (Nam Su) ရွာအနားတွင် အချင်းချင်း ပစ်သတ်လိုက်သည့် အဖြစ်ရှိခဲ့ပါသည်။

အလားတူပင် နောက်နေ့ ဇွန် ၂၇ ရက်နေ့ကလည်း မုံးကို အနီး မန်ပန်းရှိ အစိုးရ တပ်မ ၉၉ အောက် ခမရ (၁၅) မှ စစ်သား တစ်ယောက်သည် မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားကြောင်း မုံးကို ဒေသခံများ ပြောခဲ့ပါသည်။

Show More

Related Articles

Back to top button