သတင်း

တရုတ်နိုင်ငံသားများနှင့်ပတ်သက်သော လူကုန်ကူးခံရမှုဖြစ်စဉ်များကို အရေးယူမှုဆောင်ရွက်ရန်ခက်ခဲ

လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများပတ်သက်လာလျှင် အရေးယူမှုပြုလုပ်ရန် ခက်ခဲကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အတွင်းလူကုန်ကူးခံရမှုဆွေးနွေးပွဲတွင် ထွယ်ဂျန်ဒါ အရပ်ဘက်အဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဒေါ်ဆာလီထွေး က ဆွေးနွေးပြောဆိုသွားခဲပါသည်။

“ထိုင်းနိုင်ငံကတော့ MOU ရှိတဲ့အတွက် တစ်ခုခုဖြစ်ပြီဆိုရင် အေဂျင်စီကပြောတယ်။ အလုပ်သမား သံရုံးကတစ်ဆင့် ဆုံးရူံးရတဲ့သူတွေတွက် အခွင့်အရေးကို တောင်းဆိုလို့ရတယ်။ ထိထိရောက်ရောက်ဆောင်ရွက် နိုင်ပေမယ့် ကျမတို့ရဲ့ ဒီတရုတ်နိုင်ငံနဲ့ ဖြစ်လာပြီဆိုရင် လူပြန်ရောက်လာတာတောင် ကံကောင်းပါပြီဆိုပြီး သူတို့ကို ရှိခိုးရမလိုဖြစ် အဲအခြေနေ ဖြစ်နေတယ်ဆိုပြီး” ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနဲ့ထိစပ်နေသည့် နယ်စပ်မြို့ ၃ ခုရှိနေပြီး လူကုန်ကူးခံရသူအများစုသည် တရုတ်နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားလက်ထက်စေမှုဖြစ်ကြောင်း လူကုန်ကူးမူ တိုက်ဖျက်ရေးအဖွဲ့ စာရင်းအရ သိရသည်။

“ ကျမတို့ ပြည်တွင်းမှာဖြစ်တယ်ဆိုရင် တစ်ကယ်ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ပေမယ့် အဓိက စိန်ခေါ်မူက ဘာလဲဆိုရင် ပြည်ပက တရုတ်နိုင်ငံသားမယားအဖြစ်ရောင်းစားခံရတဲ့ ကိစ္စမျိုးဆိုရင် ကျမတို့ ဒီဥပဒေနဲ့လက်လှမ်းမမီသလို ခံစားရတယ်။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေအတိုင်းသွားတယ်။ ကျမတို့လည်း ကျမတို့နိုင်ငံရဲ့မြန်မာအမျိုးသမီးတွေကို လာပြီးတော့လက်ထပ်ဟန်ဆောင်တာက တစ်ကြောင်း လက်ထပ်ယူသွားပြီးတော့ သားမတ်မတ်မယားမတ်မတ် ပေါင်းသင်းဆက်ဆံခြင်းမရှိတာတွေကို ကျမတို့အနေနဲ့ အရေးယူဆောင်ရွက်ဖို့ခက်တယ်။” ဟု ဥပဒေရေးရာ ကုစားရေးအဖွဲ့ မြန်မာမှ တာဝန်ခံဒေါ်ဘန်ထွယ်က ပြောသည်။

ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာခဲ့သည်မှာ ၈နှစ်ကျော်ကြာမြင့်လာပြီး စစ်ရှောင်ဦးရေမှာ ၁ သိန်းကျော်ရှိကြောင်း သိရသည်။

မငြိမ်းချမ်းသေးသည့် ကချင်ပြည်နယ်တွင် စစ်ရှောင်များသည် ၁၀ပေ ပတ်လည် အခန်းကျဉ်းများတွင်နေကြရပြီး စားဝတ်နေရေး အဆင်မပြေမူများကြောင့် စစ်ဘေးရှောင်အချို့နဲ့ ဒေသခံပြည်သူများသည် တရုတ်နိုင်ငံသို့ တရားမဝင်နည်းဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေကြသည်။

“တရားမဝင်သွားတဲချိန်ကျတော့ ပွဲစားကိုဘဲအားကိုးကြရတယ်။ ပွဲစားတွေကလည်း အပြောကောင်းကြတော့ ပိုက်ဆံ ၃သိန်းလောက်သာရပြီးရောင်းစားခံရတာတောင်မှ ကိုယ့်ကိုကိုယ် လူကုန်းကူးခံနေရတာမသိတဲ့သူတွေတောင်ရှိတယ်။ ဒါတွေက ဥပေဒေလက်လှမ်းမမီတဲ့အပိုင်းတွေကြောင့်လည်းပါတယ်” ဆိုပြီး အထက်တန်းရှေ့နေ ဒေါ်ဆာလီထွေးက ခုလိုပြောသည်။

ပြည်တွင်းစစ်ကြောင့် လုံခြုံမူမရှိသည့်အပြင် စီးပွားရေးအကျပ်အတည်းများရင်ဆိုင်နေကြရသည့်အတွက် လူကုန်ကူးမူသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာခြင်းဖြစ်ကြောင်း ပွဲတက်ရောက်လာကြသည့် စစ်ရှောင်အချို့က သုံးသပ်ပြောဆိုကြသည်။

ကချင်ပြည်နယ်သည် လက်ရှိ လူကုန်ကူးမူအဆင့် ၄ နေရာတွင်ရှိကြောင်း ၂၀၁၈ လူကုန်ကူးမှု တိုက်ဖျက်ရေးစာရင်းအရ သိရသည်။

Show More

Related Articles

Back to top button