မြစ်ကြီးနားမှာ ကလေးတွေအပြင် သက်ကြီးပိုင်းတောင်းရမ်းသူတွေပါ များလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကလေးသူငယ်တွေတင်မကဘဲ သက်ကြီးပိုင်းတွေလည်း လမ်းပေါ်ထွက် တောင်းရမ်းစားသောက်သူတွေ ပိုများလာတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
အရင်နှစ်တွေက တောင်းရမ်းသူတွေထဲမှာ ကလေးသူငယ်တွေကိုသာ အများဆုံးတွေ့ရပေမယ့် ဒီနှစ်ပိုင်းမှာတော့ သက်ကြီးပိုင်းတွေကိုပါ လမ်းမတွေနဲ့ ရပ်ကွက်တွေအတွင်း ခပ်စိပ်စိပ် တွေ့လာရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
“တောင်းရမ်းတဲ့သူတွေက အရင်ကထက် ပိုဆိုးလာတာပေါ့။ တောင်းတဲ့သူတွေကိုလည်း အပြစ်ပြောလို့ မရပြန်ဘူး။ နိုင်ငံရေးကလည်း မကောင်း၊ စီးပွားရေးအခြေအနေကလည်း မကောင်းတဲ့အခါကျတော့ အဆင်မပြေတော့ဘူးလေ။ သက်ကြီးရွယ်အိုတွေအတွက်ကတော့ အဲဒီနည်းလမ်းပဲ ရှိတော့တာလေ” လို့ ပြောပါတယ်။
လက်ရှိ တောင်းရမ်းနေသူတွေထဲမှာ အသက် ၇ နှစ်ကနေ ၁၂ နှစ်ဝန်းကျင် ကလေးသူငယ်တွေရှိသလို သက်ကြီးပိုင်းအနေနဲ့ အသက် ၄၀ ကနေ ၆၀ ဝန်းကျင်အရွယ်တွေကိုလည်း တွေ့လာရတယ်လို့ သိရပါတယ်။
တောင်းရမ်းသူတွေဟာ နေ့တိုင်းနီးပါး မနက် ၈ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီအထိ တပ်ကုန်း၊ အင်ဂျန်ဒုံ၊ စက်မှု၊ စီတာပူနဲ့ သီတာအေးရပ်ကွက်တွေအပါအဝင် မြို့တွင်းရပ်ကွက်တွေကို လှည့်လည်တောင်းရမ်းကြတယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေကိုတော့ သုံးဘီးဆိုင်ကယ်နဲ့ တစ်နေရာစီ လိုက်လံပို့ဆောင်ပြီး နေအိမ်တစ်အိမ်မကျန် လိုက်လံတောင်းရမ်းခိုင်းတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုလို တောင်းရမ်းသူတွေ ပိုများလာတာဟာ မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာတွေကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း တောင်းရမ်းသူတချို့ဟာ ငွေကြေးပေးကမ်းသူတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ၊ မကျေနပ်တဲ့အခါ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်လို့ ပြည်သူတချို့က ပြောဆိုကြပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို စာနာကူညီသင့်ပေမယ့် တခြားတောင်းရမ်းသူတချို့ကတော့ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ရှင်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လူမှုကွန်ရက် Facebook ပေါ်မှာလည်း တောင်းရမ်းသူတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ပြည်သူတွေက ဝေဖန်ရေးသားထားကြပါတယ်။
“ကိုယ်လည်း ဆိုင်ရှေ့လာပြီးတောင်းတာ ၁,၀၀၀ ပေးလို့ အပြောခံလိုက်ရသေးတယ်။ အလကားရတိုင်း တန်ဖိုးမထားဘူး” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
နောက်ထပ် ပြည်သူတစ်ဦးကလည်း “မနှစ်တုန်းက ဘူတာတိုက်တန်းမှာ လပ်ကီးမုန့်ဝယ်ပြီး ထွက်လာတာ ပေးတာမကျေနပ်လို့ ခြိမ်းခြောက်ခံရသေးတယ်။ ငါက စစ်တပ်ထွက်ကွ” လို့ ပြောဆိုခံခဲ့ရကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ဒါကြောင့် တောင်းရမ်းသူတွေရဲ့ နောက်ခံအခြေအနေကို စိစစ်ပြီး စနစ်တကျ ထိန်းသိမ်းကိုင်တွယ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို ပြည်သူတချို့က တောင်းဆိုနေကြပါတယ်။
KNG ကို ပေးပို့ထားတဲ့ ဗီဒီယိုဖိုင်တချို့မှာလည်း မိဘတွေကိုယ်တိုင်က ကလေးတွေကို တစ်နေ့ ငွေကျပ် ၃ သောင်း မတောင်းနိုင်ရင် အိမ်ပြန်မလာဖို့ ပြောဆိုထားတာမျိုးတွေ တွေ့ရပါတယ်။
ဒီလို ကလေးသူငယ်တွေကို အတင်းအကျပ် တောင်းရမ်းခိုင်းတာနဲ့ အမြတ်ထုတ်အသုံးပြုတာတွေကို တားဆီးဖို့ ဥပဒေကို ထိရောက်စွာ အသုံးချဖို့ လိုအပ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ကလေးသူငယ်တွေကို ကာကွယ်ပေးနိုင်ဖို့ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အလုပ်စေခိုင်းတာမျိုး မလုပ်ဘဲ ပညာသင်ယူရမယ့်အရွယ် ကလေးတွေရဲ့ အခွင့်အရေးကို လေးစားကာကွယ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားကြပါတယ်။
UNICEF ရဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းမှာ ကလေးလုပ်သား ၁၇၆.၆ သန်းရှိနေပြီး အဲဒီထဲက ၅၄ သန်းဟာ အန္တရာယ်ရှိတဲ့ အလုပ်ခွင်တွေမှာ လုပ်ကိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
By – Hope




