သတင်း

ဂျပန် ကျူရှင်းကာရာတေးကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် မြန်မာကိုယ်စား ကချင်လူငယ် ၄ ဦးပါဝင်

ဂျပန်နိုင်ငံတွင် ယခုအပတ် ပြုလုပ်ကျင်းပမည့် ကျူရှင်းကာရာတေးပြိုင်ပွဲကြီး၏ အမြင့်ဆုံး World Champion အဆင့်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ကစားသမား လူငယ် ၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

နိုဝင်ဘာ ၂၂-၂၃ တို့တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက် အဆိုပါ ကမ္ဘာ့ကျူရှင်းကာရာတေး ချန်ပီယံ ပြိုင်ပွဲသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ဂျပန်နိုင်ငံပြိုင်ပွဲတွင် ချန်ပီယံရရှိခဲ့သူများသာ ပြန်လည်ယှဉ်ပြိုင်နိုင်သည့် ပွဲဖြစ်ကြောင်း သိရပါသည်။

“ဒီတစ်ခေါက်ပြိုင်ပွဲက ကျူရှင်းကာရာတေးမှာ အမြင့်ဆုံးပွဲဖြစ်တယ်။ ၄နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်တာ ဖြစ်တယ်။ ဝင်ပြိုင်ချင် သူတိုင်းလည်း ပြိုင်လို့မရဘူး။ ကချင်လူငယ် ၃ဦးအနေနဲ့ ပြီးခဲ့တဲ့ ဂျပန်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့အတွက် ယှဉ်ပြိုင်ခွင့် ရရှိသွားတာဖြစ်တယ်” ဟု Zai Wunpawng Kyokushin Karate Club မှ နည်းပြဆရာ ဦး BwiLap Ying Bawm က ပြောဆိုထားပါသည်။

ပြိုင်ပွဲတွင် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်စခန်းမှ မောင်မရန်ဂျာလ (Maran Ja La)၊ မောင် မဂျီဆိုင်းလတ်အောင်(Maji SengLat Aung)၊ မ မဂျီဆန့်မိုင်နူး(Maji San Mai Nu) အပါအဝင် YMCA ကျူရှင်းကာရာတေးအသင်းမှ မောင်ယာကု (Ya Ku) တို့ ပါဝင်နေပါသည်။

မောင်ဂျာလ သက်ငယ် ကီလိုတန်း ၄၀ နဲ့ ၄၅ကြား၊ မောင် မဂျီဆိုင်းလတ်အောင် သက်ငယ်တန်း ကီလိုတန်း ၃၀နဲ့ ၃၅ကြား၊ မ မဂျီဆန့်မိုင်နူး သက်ငယ်ကီလိုတန်း ၂၅နှင့် ၃၀ကြားနှင့် မောင်ယာကုပ် အလွတ်တန်းကီလိုကြားတို့တွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ကချင်လူငယ်များအနေဖြင့် အချိန် ၃လကြာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး မြန်မာ့ကျူရှင်း ကာရာတေးသမိုင်းတွင် ကမ္ဘာ့ချန်ပီယံရရှိအောင် ယှဉ်ပြိုင်သွားရန် မျှော်မှန်းထားကြောင်း နည်းပြဆရာ BwiLap Ying Bawm ဆက်လက်ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button