သတင်း

ကချင် စစ်ရှောင် ၃ ထောင်ကျော်ကို နေရပ်အခြေချပေးရန် စီစဉ်

ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုှုမရှိတော့သည့် ကျေးရွာ(၁၀) ခုမှ ကချင်စစ်ရှောင်များကို လာမည့် နှစ်ဆန်းပိုင်းတွင် နေရပ်ပြန်အခြေချနိုင်ရန် စီစဉ်နေကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်ပါသည်။

အိမ်ခြေ ၅၀၀ နှင့် လူဦးရေ ၃၀၀၀ကျော်ကို လာမယ့် ၂၀၂၀ ဇန်နဝါရီလဆန်းမှ ဧပြီလအတွင်း ပြန်လည်ထူထောင်ရေးအတွက် စီစဉ်နေပြီး ၎င်းတို့ကို ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်းမှလည်း ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့သွားမည်ဟု ယနေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးတွင် KBC နှင့် Nippon Foundation တို့ပါဝင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။

“ကျနော်တို့အနေနဲ့ စစ်ရှောင်ပြည်သူများ လူနေမှုအဆင့်အတန်းမြင်မားလာရန်အတွက် အစွမ်းကုန်ထောက်ပံ့သွားမယ်ဖြစ်တယ်။ နေရပ်ပြန်စစ်ရှောင်ပြည်သူများရဲ့ မူလရပ်ရွာများမှာ ပြန်လည်နေထိုင်ပြီး လယ်ယာလုပ်ငန်းများ၊ အခြားသော လုပ်ငန်းများရရှိအောင် ကူညီသွားမယ်။ ဒါဟာ ကျနော်တို့ရဲ့ ပထမဆုံးအကြိမ် ကူညီထောက်ပံ့မှု ခြေလှမ်တစ်ရပ်လည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ပတ်သက် ဘယ်လိုထောက်ပံ့မှုတွေ ပြုလုပ်သွားရင် ကောင်းမလဲ။ ဒါတွေကို KBC နဲ့ ဆွေးနွေးထားပါတယ်။”ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာရိုဟေး ဆာဆာကာဝါ ပြောဆိုခဲ့ပါသည်။

ပြန်လည်နေရာချရန် ဆုံးဖြတ်ရာတွင် တိုက်ပွဲမဖြစ်ခဲ့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့်ရပ်ရွာများ၊ တစ်ဖက်အစိုးရ(သို့မဟုတ်) လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ညိနှိုင်းဆုံးဖြစ်၍ ရနိုင်သော ကျေးရွာများ၊ ၂၀၁၁မှ ယနေ့အထိ အတည်တကျ ခိုင်မာစွာရှိနေသောကျေးရွာများ စသည့် အခြေခံ ၃ ချက်ပေါ်သုံးသပ်ကာ ကျေးရွာ ၁၀ ခုကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း KHCC ဘက်မှ သိရပါသည်။

ထိုသို့ နေရပ်သို့ပြန်မည့်သူများအတွက် KHCC မှ အခြေခံအဆောက်အဦး၊ စားနပ်ရိက္ခာ တစ်လမှ ၃လအထိ၊ အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများနှင့် မြေယာများပြန်လည်ဖော်ပေးခြင်းများကို အကူအညီ ပေးသွားမည်ဟု KHCC ဒုတိယအတွင်းရေးမှူး ဦးခါးလီက ပြောဆိုခဲ့ပါသည်။

စစ်ရှောင်ကာလ ၉နှစ်ခန့် ကြာရှည်လာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများ၏ နေရပ်ပြန်လိုသည့် ဆန္ဒကိုထိန်းချုပ်ရန် ခက်ခဲလာကြောင်း Kachin Humanitarian Concern Committee KHCC နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ Dr. Hka Lam SamSon ကပြောဆိုခဲ့သည်။

“အရင်အစိုးရလက်ထပ်တုန်းကဆို စစ်ရှောင်နေရပ်ပြန်နိုင်ရေးကို လုပ်ဆောင်ခဲ့တာကို ကျနော်တို့အနေနဲ့ ထောက်ခံမှုတွေမရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ပြန်ခိုင်းတဲ့ ပုံစံတွေ ဖြစ်နေတယ်။ လူထုဆန္ဒမပါဘူး။ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းမှသာ ပြန်ဖို့ ခိုင်ခိုင်မာမာဆုံဖြတ်ထားတာတွေရှိတယ်။ ဒါပေမယ့် အခု စစ်ရှောင်တာ ၉လောက်ရှိလာပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေး ဆန္ဒကို မထိန်းနိုင်တဲ့ အခြေနေဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ဒေသမှာ နေရပ်ပြန်နိုင်ရေး ကော်မတီတွေဖွဲ့လာကြတယ်။ ဒါက အစိုးရကိုရည်ရွယ်ပြောနေတာလည်းမဟုတ်ဘူး။ တစ်ဖက် KIA ကိုလည်း ခဏခဏ သွားပြောနေတာ။ နောက်အသင်းတော်တွေမှာလည်း နေရပ်ပြန်ဖို့အတွက် အစည်းအဝေးတွေ နိုးဆော်မှုတွေ တော်တော်များလာတဲ့ အခြေအနေဖြစ်နေပြီ။ အဲ့တော့ ကျနော်တို့အနေနဲ့ ဒီအခြေအနေရောက်မှ သလောက်လုပ်ပေးမှ စောင့်နေရင် အချင်းချင်းပေါက်ကွဲမှုတွေရှိလာတော့မယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့က ပြန်ဖို့လမ်းဖွင့်ပေးတာပါ” ဟု ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ နှင့် အစိုးရတပ်တို့ကြား ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်နေပြီး၊ တိုက်ပွဲများလည်း ပုံမှန်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာဒေသခံ အိမ်ထောင်စု ၉၈ စုသည် အစိုးရနှင့်တပ်မတော်အစီစဉ်ဖြင့် နေရပ်ပြန်အခြေချနေကြပြီဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် နိုဝင်ဘာသာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ၎င်းနေရပ်ပြန်များ ပြန်လည်ထွက်ပြေးရမည့်အခြေအနေထိ ဖြစ်ပွားခဲ့ပါသည်။

စစ်ရှောင်အများစုသည့် နေရပ်ပြန်ရေးကို လုံခြုံစိတ်ချသည့်အခြေအနေဖြစ်ချင်သော်လည်း၊ ၎င်းတို့၏ ကျေးရွာများရှိ မြေယာပိုင်ဆိုင်မှုများ ဆုံးရှုံးလာမှုကို စိုးရိမ်နေကြပါသည်။

Show More

Related Articles

Back to top button