သတင်း

ကချင်စစ်ပြေးဒုက္ခသည်နေရပ်ပြန်အခြေချရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာမူဝါဒ ဆွေးနွေးပွဲ ပြုလုပ်

ကချင်စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒ ရှင်းလင်းပွဲတစ်ခု ဇန်နဝါရီလ ၆ ရက်နေ့ မြစ်ကြီးနား မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ‘ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာမူဝါဒ’ စာအုပ်ကို အဓိက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

စစ်ရှောင်များ၏ မူလကျေးရွာရှိ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်အချက်များကို စစ်ရှောင်ပြည်သူများက စိုးရိမ်နေကြောင်း အဆိုပါဆွေးနွေးပွဲတွင် စစ်ရှောင်များ၏ ကိုယ်စား မိုင်းနား ကတ်သလစ် စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးဂွမ်ဆိုင်း မှထောက်ပြ ပြောဆိုခဲ့သည်။

“ကျနော်တို့ ကျေးလက်ဒေသမှာဆိုရင် တိုက်ပွဲမဖြစ်သေးတဲ့ အချိန်တုန်းကတောင် မြေယာနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု မကြာခဏ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ မြေယာ ပြေစာရှိတဲ့ အိမ်ထောင်စု တော်တော် နည်းတာကိုတွေ့ရတယ်။ ဒါကြောင့် ပြောချင်တာက ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံဆိုတဲ့ အထဲမှာ ဖြည့်စွက်အနေနဲ့ ပတ်ဝန်းကျင်ထောက်ခံမှု နဲ့လည်း ပိုင်ဆိုင်မှု ရရှိစေလိုတယ်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်မှလည်းစစ်ရှောင်စခန်းများ ပိတ်သိမ်းရန်အတွက် လုံခြုံရေးအာမခံမှု ရှိမရှိ ၊ နေရပ်ပြန် ပြည်သူများကို ကူညီမည့်အစီစဉ် ၊ ပညာရေး၊ ကျန်းမာရေး နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် စစ်ရှောင်များနေရပ်ပြန်နိုင်ရေး အဆိုပါမဟာဗျူဟာမူဝါဒကို လက်တွေ့အကောင်ထည် ဖော်ဆောင်နိုင်မည့် အချိန်ကိုလည်း မေးမြန်းထားသည်ကို တွေ့ရပါသည်။

“ကျမတို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာက ဘာပေါ်လစီဘဲ ရေးရေး ကောင်းတဲ့ စကားလုံးတွေက စာရွက်ပေါ်မှာ ရေးသား ထားတာဘဲ။ လက်တွေ့မှာက သိပ်အလုပ်မဖြစ်ဘူး။ ပထမအဆင့်က စာရွက်ပေါ်မှာရေးသား ထားတာက ကောင်းပါတယ်။ နောက်လုပ်တဲ့လူတွေလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ပြောချင်တာက မြင်ဖို့တွေ့ဖို့ဘဲ ရေးသားထားတာ မဖြစ်စေချင်ဘူး”ဟု ဒေါ်ဂျာဆိုင်းခေါန် မေးမြန်းပြောဆိုခဲ့ပါသည်။

ယခုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို ပြည်နယ်အစိုးရမှ တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ရှင်းလင်းတင်ပြခဲ့ပါသည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်အခြေချရေး ၊ စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး နှင့်ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်ရန် ပြည်ထောင်စု ဒုဝန်ကြီးအပါအဝင် ကချင်ဘာသာရေးအဖွဲ့အစည်းများပါဝင်သော အဖွဲ့တစ်ခု လွန်ခဲ့သည့် နှစ်တွင် ဖွဲ့စည်းခဲ့ပြီ ဟု သိရပါသည်။

Show More

Related Articles

Back to top button