သတင်း

ရွှေနှင့် ပယင်း လုပ်ကွက်ချပေးနိုင်ရေး ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုထား

မြန်မာ့တပ်မတော် သိမ်းပိုက်ထားသော ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေနှင့် ပယင်းမှော်ဒေသတွင် အသေးစား လက်လုပ်လက်စားလုပ်ငန်းများ တရားဝင် ကွင်းဆင်းစိစစ်နိုင်ရေး ခွင့်ပြုပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးမှ တောင်းဆိုထားကြောင်း သိရသည်။

ရွှေသတ္ထုနှင့် ပယင်းကျောက် ထွက်ရှိရာ နန်ဗျူ၊ ညောင်ပင်ကုန်း၊ ဇီးဖြူကုန်း၊ တုံမဏီ စသော မှော်ဒေသတွင် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်ဆန်းတွင် တပ်မတော်မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် တပ်မတော်သိမ်းပိုက်ပြီးသော အဆိုပါနေရာများတွင် လက်လုပ်လက်စားလုပ်ကွက်ချပေးရန် ပြည်နယ်အစိုးရအစီစဉ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ကွင်းဆင်းစိစစ်ရန်ဆောင်ရွက်လာချိန် နယ်မြေလုံခြုံရေးခေါင်းစဉ်ဖြင့် တပ်မတော်မှ ခွင့်မပြုသဖြင့် ယခုခွင့်ပြုပေးရန် ဇန်နဝါရီ ၂၀ ရက်နေ့တွင် တောင်းဆိုခြင်းဖြစ်သည်ဟု ဦးလင်းလင်းဦးပြောသည်။

“အခုတောင်းဆိုထားတဲ့ ဒေသတွေမှယ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ပြီး နယ်မြေစိုးမိုးထားတာ ၂နှစ်ကျော်လောက်ရှိနေပြီ။ ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးဆိုက်တွေက တည်ဆဲဥပဒေလမ်းကြောင်းနဲ့အညီ ဒေသခံတွေ လုပ်ငန်းအခွင့်အလမ်း ရဖို့ တစ်နိုင်တပိုင် လုပ်ကွက်ချပေးဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကွင်းဆင်းစစ်ဆေးလို့မရဘူး။ တပ်မတော်က နယ်မြေလုံခြုံရေးဆိုပြီး တားမြစ်ထားတယ်။ အဲ့ကြောင့် အဲ့ဒီဘက်မှာ တာဝန်ယူထား တဲ့အကြီးအကဲကို ခွင့်ပြုပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ်ခံတောင်းဆိုခဲ့တာပါ” ပြောဆိုသည်။

လက်ရှိမှော်ဒေသတွင် တရားမဝင်လုပ်ကိုင်မှုများ ရှိနေသောကြောင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခြင်းဖြင့် သယံဇာတများ ဆုံးရှုံးနစ်နာမှုကို လျှော့ချသင့်ကြောင်း ဆက်လက်ပြောဆိုသည်။

ဒေသခံများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရဟုဆိုကာ တနိုင်းမြို့နယ်အတွင်း မြေဧက ၆၉၁၈.၉၅ တွင် လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ကိုင်နိုင်ရန် စီစဉ်ခဲ့ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

https://burmese.kachinnews.com/2019/07/04/%e1%80%90%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%9a%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%bd%e1%80%ac%e1%80%b9-%e1%80%9c%e1%80%80%e1%80%b9%e1%80%9c%e1%80%af/

တရားဝင်တူးဖော်ခွင့်ရရှိခဲ့သည့် နေရာများမှာ နွယ်နီဘွမ် ၊ နန်မဖြူ နှင့် ထပရားမှော် တို့ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့်ကို အဓိကအားဖြင့် ၎င်းဒေသရှိ မူရင်းအိမ်ထောင်စု ကိုင်ဆောင်ထားသူများကိုသာ ချပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေနှင့် ပယင်းထွက်ရှိရာနေရာများတွင် ၂၀၁၇ ဇွန်လတွင်တစ်ကြိမ်၊ ၂၀၁၈ ဧပြီလတွင်တစ်ကြိမ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် မှော်ဒေသကို တပ်မတော် သိမ်းပိုက်ထားသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်သည်။

သို့သော်လည်း ယခုချိန်ထိ ထိုနေရာများတွင် နှစ်ဖက်တပ်များ လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများမှ သိရပါသည်။

 

Show More

Related Articles

Back to top button