သတင်း

နှစ်ဖက်တပ် ညှိနှိုင်းပြီးမှသာ စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်နိုင်မည်ဟု ကချင်နယ်လုံဝန်ကြီးပြော

ကချင်ပြည်နယ်အတွင်း နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIAအနေဖြင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဟု ကချင်ပြည်နယ် နယ်လုံဝန်ကြီး ပြောဆိုခဲ့သည်။

နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းရေးလုပ်ဆောင်ပေးရန် အစီစဉ်ရှိမရှိ (၁၈) ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပဉ္စမနေ့ပုံမှန် အစည်းအဝေး (ဖေဖော်ဝါရီ ၂၈ ရက်နေ့) တွင် ရွှေကူမြို့နယ် မဲဆန္ဒနယ်(၁) မှပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်ယု မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းမှ ယခုလို ပြန်လည်ဖြေကြားခဲ့သည်။

“ မိုင်းရှင်းလင်းတဲ့ခါ မြေပြင်အခြေနေမှာ မိုင်းထောင်ထားတဲ့အနေထားကို နှစ်ဖက်က ညှိနှိုင်းပြီးမှ ဆောင်ရွက်လို့ရမယ်။ ဘယ်နေရာမှာမိုင်းထောင်ထားတယ်။ တပ်မတော်အနေနဲ့ကတော့ မိုင်းထောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှ စွန့်လွတ်မိုင်းထောင်ခဲ့တာမျိုးမရှိပါဘူး။ တပ်မတော်အနေနဲ့ထောင်ခဲ့တာတော့ အားလုံးမှတ်ပုံတင်မိုင်းတွေသာ ထောင်တာဖြစ်တယ်။ ထောင်ထားတဲ့မိုင်းတွေကလည်း စစ်ဆင်ရေးနယ်မြေအရ ပြည်သူလူထု သွားလာနိုင်တဲ့ နယ်မြေမှာ ထောင်ထားခဲ့တာမျိုး မရှိပါဘူး။ လက်ရှိကျနော်ဆွေးနွေးခဲ့တဲ့ မိုင်းတွေကတော့ KIA လက်နက်ကိုင်အဖွဲ့ လူပ်ရှားနေတဲ့နယ်မြေမှာ NCA ထိုးပြီးတော့မှ သူတို့ဘယ်နေရာမှာထောင်ထားလဲ ထောင်ထားသော် နှစ်ဘက်အဖွဲ့အစည်းကနေ ညှိ့နှိုင်းပြီးတော့မှ တစ်ဆင့်ခြင်းဆောင်ရွက်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ပြန်လည်ဖြေကြားခဲ့သည်။

ပထမဆုံးနေရပ်ပြန်ဖြစ်သော နမ်ဆန်ယန်ဒေသခံတစ်ဦးသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျေးရွာနှင့် မိုင်အနည်းငယ်ခန့်အကွာ ငါးဖမ်းရန်သွားစဉ် မိုင်းနင်းမိသဖြင့် ခြေထောက်ဖြတ်လိုက်ရသည်ဟု သိရသည်။

ထို့ကြောင့် စစ်ရှောင်များ မိမိနေရပ်သို့ပြန်လည်နေထိုင်ရာတွင် စစ်ကြွင်း စစ်ကျန်များ၊ မြေမြုပ်မိုင်းအန္တရယ်များ အလွန်စိုးရိမ်နေရသဖြင့် သက်ဆိုင်ရာဌာနမှ တာဝန်ယူဖြေရှင်းပေးရန် အစီစဉ် ရှိမရှိမေးမြန်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြေပြင်တွင် မိုင်းတွေ့ရှိလျှင်သော်လည်းကောင်း၊ မိုင်းထောင်ထားသည်ဟု သံသယရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ တင်ပြပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှပေါင်းစပ် ညှိနှိုင်းကာ ရှင်းလင်းပေးမည်ဟုသာ ဝန်ကြီးမှ ဖြေဆိုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် မိုင်းကွဲဖြစ်စဉ် ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ဦး၊ ဒဏ်ရာရရှိသူ ၂၁ ဦးရှိခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ဖြေကြားချက်မှ သိရသည်။

၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန်ဖြစ်ပွားလာသော တိုက်ပွဲကြောင့် လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရှောင် ၁ သိန်းကျော်ရှိနေဆဲဖြစ်သည်။

စစ်ပြေးဒုက္ခသည်ကာလ (၈) နှစ်ပြည့်လာချိန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဝိုင်းမော်မြိုု့နယ် နမ်ဆန်ယန်ဒေသခများကို အစိုးရနှင့်တပ်မတော်မှ နေရပ်ပြန်ပို့ခဲ့သည်။

Show More

Related Articles

Back to top button