ရွှေကူမြို့ပေါ် လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်းမှာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ခဲ့ပြီး အဲ့ဒီအထဲက အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီထိုးခါနီးအချိန်မှာ ရွှေကူမြို့နယ် တောပုန်းရွာသွားတဲ့ လမ်းပေါ်ရှိ ပင်စင်ကုန်းဘုန်းကြီးကျောင်းရှေ့၊ ဒေါ်တီစိုက်ပျိုးရေးဆိုင်အနီးကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရွှေကူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“လက်နက်ကြီးကျည်ကျကွဲတာ။ လူနှစ်ယောက်ထိတယ်။ တစ်ယောက်သေသွားတယ်။ သေတဲ့သူက အမျိုးသား၊ အသက် ၄၀ ဝန်းကျင်လောက်ရှိမယ်”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
လက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့ နေရာဟာ ရွှေကူမြို့တွင်း ဧရိယာဖြစ်ပြီး လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမဟုတ်ဘူး လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကျည်ကျရောက်တဲ့ နေရာအနောက်ဘက် ကိုက် ၁၀၀၀ ကျော်အကွာမှာ ရွှေကူမြို့စောင့်တပ် ဖြစ်တဲ့ ခလရ ၅၆ တပ်ရင်းရှိပြီး မြစ်တစ်ဖက်ကမ်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
“တိုက်ပွဲဧရိယာတော့ မဟုတ်ဘူး။ အဲ့ဒီအနောက်ဘက်မှာ စစ်တပ်ရှိတယ်။ မြစ်တစ်ဖက်ကမ်းက လှမ်းပစ်တဲ့ ကျည်ကျတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ လက်နက်ကြီးကျည်ကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် စစ်တပ် တပ်ရင်းနေရာအနီး ကျရောက်ခဲ့တာကြောင့် ဒေသခံအချို့က တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်တဲ့ ကျည်ဖြစ်နိုင်တယ် လို့ ယူဆနေကြပါတယ်။
ရွှေကူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး အထက်လေးလမ်းဆုံ၊ ငအိုး–ရွှေကူလမ်းပိုင်းနဲ့ မြို့အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
ရွှေကူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး အထက်လေးလမ်းဆုံ၊ ငအိုး–ရွှေကူလမ်းပိုင်းနဲ့ မြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက လက်နက်ကြီးအသုံးပြုမှု တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က မဘိမ်း–ငအိုး–ရွှေကူ လမ်းကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ရွှေကူမြို့အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှု မြင့်တက်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေဟာ အဓိကအားဖြင့် မြို့ပြင်ဒေသတွေမှာ ဖြစ်ပွားနေပေမယ့် မကြာသေးခင်ကစပြီး လက်နက်ကြီးကျည်ကျရောက်မှု တွေကြောင့် မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေအကြား စိုးရိမ်မှု မြင့်တက်လာနေပြီး လုံခြုံရေးအခြေအနေအပေါ် စောင့်ကြည့်နေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – အမိုး



