Covid-19 Reportingသတင်း

ကချင်ပြည်နယ် အခြေခံလူတန်းစားများအား ထောက်ပံ့ရန် ကျပ်သန်းပေါင်း ၁ ထောင် သုံးစွဲမည်

ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ သင်္ကြန်ကာလတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့မည့်အစီစဉ်တွင် ကျပ်သန်းပေါင်း ၁ထောင် ( ၁ ဘီလီယံ) သုံးမည်ဟု သိရသည်။

ကောက်ခံထားသော စားရင်းများအရ အိမ်ထောင်စုပေါင်း ၁၀၈၇၅၄ စု ရှိပြီး ၎င်းထဲမှ ပူတာအိုခရိုင်၏ စားရင်းကို အလျော့တင်း ထပ်မံပြုလုပ်မည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော် ပြောသည်။

“ ခုနဘဲ ကျနော်တို့အစည်းဝေးလုပ်တယ်။ ပထမတော့ စာရင်းဘဲတောင်းတာပါ။ မနေ့ကမှတစ်ခါ အရေးပေါ်ထုတ်ပြန်ချက် ပြည်နယ်အဆင့်နဲ့ပေးဖို့လျာထားတယ်။ လိုတဲ့ငွေကြေးကုန်ချစရိတ်ကို ဗဟိုကိုပြန်တင်ပြဖို့ ကျနော်တို့ဆီမှာ အရေးပေါ်မှာထုတ်သုံးဖို့ ကျပ်သန်း ၁ထောင် ရှိပါတယ်။ ဘာမှမသုံးရသေးပါဘူး။ အဲဒါကိုသုံးမှာဖြစ်ပါတယ်။ ခုကျနော်တို့ မြစ်ကြီးနားဈေးနူန်းနဲ့ တစ်အိမ်ထောင်ကို ၁၅၀၀၀ လောက်ဆို လုံလောက်တယ်လို့ပြောတယ်။ အဲကြောင့် ခုလောလောဆယ် အိမ်ထောင်စုတစ်စုကို အကြမ်းအားဖြင့် ၁သောင်းခွဲ လျာထားပါတယ်။ ၁သောင်းခွဲဆိုတာက ငွေပေးမှာမဟုတ်ပါဘူး။ ဆန်၊ဆီ၊ဆားတွက် ကုန်ကျစရိတ်ပါ။ တစ်ချို့ဝေးတဲ့ဒေသတွေဆို သယ်ယူစရိတ်တွေရှိမယ်။” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

ကချင်ပြည်နယ်တွင် ခရိုင် ၄ ခုရှိသည့်အနက် ခရိုင်တစ်ခုတွင် ကျပ်သိန်း ၂၅၀၀ ခန့်ပေးရန်လျှာထားကြောင်း ထပ်မံ ပြောဆိုသည်။

ထောက်ပံ့မှု ရရှိရန် တင်ထားသည့် အိမ်ထောင်စုစားရင်းများတွင် မြစ်ကြီးနားခရိုင် (၃၁၂၅၇)၊ မိုးညှင်းခရိုင်(၄၈၈၂၆)၊ ဗန်းမော်ခရိုင်(၂၃၄၉၃) စသည့်ခရိုင် ၃ခုအား ခရိုင်တစ်ခုလျှင် သိန်းပေါင်း ၂၅၀၀ ပေးမည်ဖြစ်ပြီး၊ ပူတာအိုခရိုင်သည် တင်ထားသည့်အိမ်ထောင်စုပေါင်း ၅၁၇၈ အနက် အခြေခံလူတန်းစားအဖြစ် သတ်မှတ်ထားသည့်စည်းကမ်းနဲ့ မကိုက်ညီသည့်အချက်များပါဝင်နေသည့်တွက် ပြန်လည်စီ စစ်ထားခိုင်းကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအဖြစ်သတ်မှတ်ခံရသူများမှာ ဒေသလိုအပ်ချက်အရ စစ်ရှောင်စခန်း၊ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ရေမဆေး၊ ငှက်ပျောခြံအလုပ်သမားတို့ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုကို ရရှိမည်ဖြစ်သည်။

အဆိုပါထောက်ပံ့မူများအား အဂတိများမရှိစေရေးတွက် ကျေးရွာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီထန်ထမ်းများ၊ အရံမီးသတ်၊ စသည့်အဖွဲ့စည်းများပါဝင်ထားကြောင်း သိရသည်။

အချိန် ၂ ရက်သာအတွင်း ကောက်ခံထားသော စားရင်းများကြောင့် လူမူကွန်ယက်စာမျက်နှာပေါ်တွင် အငြင်းပွားမူများလည်းရှိနေသည်။

သင်္ကြန်ကာလရုံးပိတ်သည့်ရက်မတိုင်မီ ဧပြီ ၁၀ရက်နေ့မှ စတင်ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့ရန်ကျန်ရှိနေသေးမည်ဆိုပါက သင်္ကြန်ကာလ ပြီးသော်လည်း ဆက်လက် ထောက်ပံ့သွားမည်ဟု သိရသည်။

အိမ်ထောင်စု ၁ စုလျှင် မြန်မာငွေကျပ် ၁၅၀၀၀ တန်ဖိုးဖြင့် ရရှိမည့် ထောက်ပံ့ပစ္စည်းများမှာ ဆန် ၈ပြည်၊ ဆီ ၅၀သား၊ ပဲ ၁ပိသာ၊ဆား ၅၀သား၊ ကြက်သွန် ၁ပိသာ တို့ဖြစ်သည်။

Show More

Related Articles

Back to top button