သတင်း

ကချင်ပြည်နယ်အတွင်း ဈေးရောင်းရမည့်အချိန်များ ထပ်မံ ပြောင်းလဲ

ကချင်ပြည်နယ်အတွင်း အစိုးရစည်ပင်ဈေးနှင့် ကျေးလက်ဈေးများကို နံနက် ၅ နာရီမှ ၁၂ နာရီအထိသာ ဖွင့်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ထပ်မံထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယခင်က နံနက် ၅ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ခွင့်ပြုထားခြင်း ဖြစ်သည်။
ထို့အပြင် ဈေးရောင်း ဈေးဝယ်သူများအားလုံး နှာခေါင်းစည်းတပ်ဆင်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြစ်ကြီးနားရှိ လူထူထပ်သော ရွှေညောင်ပင်ရပ်ကွက် ဝက်ကုန်းဈေးတွင် ဧပြီလ ၁၅ရက်နေ့မှစကာ တစ်ဦးလျှင် ၆ပေအကွာ ရောင်းချနိုင်ရန် စီစဉ်နေသည်ဟုလည်း ရွှေညောင်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ပြောသည်။

“ကျနော်တို့ကတော့ နေ့တိုင်း ဈေးဝယ်လာတဲ့သူတွေ၊ ဈေးရောင်းမယ့်သူတွေကို Mask တပ်ဖို့ Hand Speaker နဲ့နေ့တိုင်းအော်ပြောပြီးပြီ။ ပြီးတော့ ခုပြည်နယ်အစိုးရကလည်း ထပ်ပြီးထုတ်ပြန်လာတဲ့တွက်ကြောင့်မို့ နက်ဖြန်ကစပြီး တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာမှာ ရောင်းချနိုင်ဖို့တွက် စီစဉ်နေပါတယ်။” ဟု ပြောသည်။

သို့သော်လည်း ယနေ့အထိ ဝက်ကုန်းဈေးတွင်ဈေးလာရောက်ဝယ်သူများနှင့် ဈေးသည်များသည် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်ပြီး လိုက်နာရန်သတ်မှတ်ထားသည့် ယခင်အမိန့်ညွန်ကြားချက်များ လိုက်နာခြင်းမရှိကြောင်း ဈေးနားပတ်ဝန်းကျင်မှ ဒေသခံအချို့ ပြောသည်။

“ဘာမှလိုက်နာတာမတွေ့ရဘူး။ ကျမတို့မှာတော့ Stay at Home သာလုပ်တာ အိမ်ရှေ့မှာ မနက်မနက်ဆိုရင် ဈေးလာဝယ်တဲ့သူတွေကလည်း နှာခေါင်းစည်းတပ်ထားတာလည်းမတွေ့ရဘူး။ ပြီးတော့ တစ်ချို့ ဆိုင်ကယ်ပေါ်ကနေထိုင်ပြီး စောင့်နေတဲ့သူတွေကလည်း ချောင်းဆိုးတဲ့လူနဲ့ နှာချေတဲ့သူနဲ့ ကျမအိမ်က ဈေးကပ်ရပ်ဖြစ်နေတော့ ပိုကြောက်ရတယ်။ ဈေးသည်တွေကလည်း နှာခေါင်းစည်းတပ်တာမတွေ့ရဘူး။ ကျမတို့ကသာ ဘယ်လောက်ဂရုစိုက်စိုက် ပတ်ဝန်းကျင်မှာကိုက အဲလိုဖြစ်နေရင် နေရတာစိတ်မချမ်းသာဘူး။ အားလုံး အသိစိတ်ဓါတ်နဲ့ ကာကွယ်ကြရင် ပိုကောင်းမယ်ထင်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဝက်ကုန်းဈေးသည် ရွှေညောင်ပင်၊ ကျွန်းပင်သာ၊ အေးစေတီ စသည့် ရပ်ကွက် ၃ ခုမှ ပြည်သူများ ရောင်းဝယ်နေသည့် ဈေးဖြစ်သည်။

အလားတူ မြစ်ကြီးနားမြို့တွင်း အခြားရပ်ကွက်များရှိ မနက်ဈေးများတွင်လည်း လူထူထပ်နေပြီး ရောဂါကူးစက်လွယ်သောကြောင့် နေရာကျယ်ပြီး ဈေးသည်တစ်ယောက်နှင့်တစ်ယောက် ၆ ပေခန့်အကွာရောင်းချနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ပေးသင့်ကြောင်း ပြောဆိုမှုများ ရှိနေကြသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ဧပြီလ ၁၄ရက်နေ့ထိ ၆၂ဦးပြီဖြစ်သည်။ သက်ဆိုင်ရာမှလည်း ဈေးရောင်း၊ဈေးဝယ်ခြင်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်တွင်း ရပ်ကွက်ဈေးများ၊ စားသောက်ကုန်ရောင်းချသည့် အိမ်ဆိုင်အပြင်၊ ရေစင်ဈေး၊ သား၊ငါးရောင်းချသည့် ဈေးများအား အချိန်ကန့်သတ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားပြီးသားဖြစ်သည်။

 

Show More

Related Articles

Back to top button