Covid-19 Reportingသတင်း

လိုင်ဇာမြို့တွင် တွေ့ရသော Covid-19 စောင့်ကြည့်လူနာအဖြေကို ၃ ရက်ခန့်မှ သိရမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် Covid-19 စောင့်ကြည့်လူနာတစ်ဦး တွေ့ရှိထားပြီး နောက်ထပ် ၂ ရက်ခန့်မှ ဓါတ်ခွဲအဖြေသိနိုင်မည်ဟု သိရသည်။

“Covid-19 လက္ခဏာ နဲ့တူတဲ့ သူတစ်ယောက်ကို တွေ့တယ်ပေါ့။ စောင့်ကြည့်လူနာပေါ့။ အသေးစိတ်အဖြေတော့ မသိသေးဘူး” ဟု KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူးဦးဟိန်းဝမ်ထံမှ သိရသည်။

စောင့်ကြည့်လူနာကို ရောဂါပိုးရှိ မရှိအတည်ပြုနိုင်ရန် အိမ်နီးချင်းတရုတ်နိုင်ငံ ရင်ကျန်းသို့ ပေးပို့ထားပြီး ၂-၃ ရက်အတွင်း မှ အဖြေသိနိုင်မည်ဟု ထပ်မံ ပြောဆိုသည်။

အဆိုပါလူနာကို လက်ရှိ လိုင်ဇာ မိုင်ဆပ်ပါ Quarantine နေရာတွင် သီးသန့်နေရာချထားသည်ဟု သိရသည်။

အဆိုပါလူနာ၏ ခရီးစဉ်မှာ မတ်လ ၂၂ ရက်နေ့ လိုင်ဇာမှ ဝိုင်းမော်သို့ရောက်လာပြီး ၂၂ ရက်နေ့ည မိုင်းနားKBC စစ်ရှောင်စခန်းတွင်အိပ်ပြီး၊ ၂၃ ရက်ည ဝိုင်းမော်ရပ်ကွက် (၁) ရှိ ဆွေမျိုးနေအိမ်တွင် တစ်ညအိပ်ကာ ၂၄ ရက်နေ့ လိုင်ဇာမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

“မတ်လ ၂၂ ရက်ည အိပ်ပြီး ၂၃ ရက်နေ့ ပြန်ထွက်သွားတယ်။ ဒီမှာတော့ သူ့မိသားစုဝင်ကိုတွေ့ပြီး၊ ဝိုင်းမော်မှာလည်း ဝင်သွားတယ်လို့ ကြားတယ်။” ဟု မိုင်းနားစစ်ရှောင်စခန်း ဒုတာဝန်ခံ ဦးဘရန်မိုင်ပြောသည်။

လက်ရှိတွင် စောင့်ကြည့်လူနာတည်းခိုခဲ့သော မိုင်းနား KBC စစ်ရှောင်စခန်းနှင့် ဝိုင်းမော်မြို့ရှိနေအိမ်ကို lockdown ချထားသည်ဟု ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ထံမှ သိရသည်။

စောင့်ကြည့်လူနာ ၁ ဦးရှိပြီ ဖြစ်သော လိုင်ဇာမြို့ကိုလည်း ကန့်သတ်မှုနဲ့ အသိပညာပေးမှုများ ဆက်လုပ်သွားမည်ဟု KIO ကိုဗစ်တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

 

Show More

Related Articles

Back to top button