Covid-19 Reportingသတင်း

ဝိုင်းမော်ကျေးရွာအချို့တွင် တရုတ်ကုမ္ပဏီသို့ နေ့စားသွားခြင်းမပြုရန် အမိန့်ထုတ်

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စုရှိ တရုတ်စိုက်ပျိုးရေးကုမ္ပဏီသို့ နေ့စားသွားခြင်း မပြုလုပ်ရန် ကျေးလက်အုပ်ချုပ်ရေးရုံးမှ ညွန်ကြားထားကြောင်း စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သက်ဆိုင်ရာဌာနမှ ညွှန်ကြားထားခြင်းမရှိသော်လည်း ဒေသ၏လိုအပ်ချက်အရ လက်ရှိကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် Covid-19 ထိန်းချုပ်နိုင်ရန်တွက် ယခုကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင် ပြောသည်။

“ကုမ္မဏီမှာ နေ့စားမသွားရဘူးလို့ ထုတ်ပြန်ထားတဲ့ကြားကနေ သွားမယ်ဆိုလို့ရှိရင် ပထမတစ်ခေါက် ဒုတိယတစ်ခေါက် သတိပေးတာတွေလုပ်မယ်။ တတိယအကြိမ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ငွေဒဏ်ချမှတ်မှာဖြစ်တယ်။ ခုဘယ်ရပ်ကွက်က သွားတယ်မသွားဘူးဆိုတာကို ရပ်ကွက်ကနယ်မြေမှူးတွေကို စောင့်ကြည့်ခိုင်းထားတယ်။ အားလုံးက လက်ရှိဖြစ်နေတဲ့ရောဂါကို ကာကွယ်နိုင်ရန်တွက်ဖြစ်တယ်။” ဟု အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင် ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် တစ်ရက်နေ့စားခသည် ၅၄၀၀ ဖြစ်သော်လည်း စန်းကားကျေးရွာအုပ်စုတွင်း၌မူ တစ်ရက်တွင် အနည်းဆုံး ၈၀၀၀ မှ ၁၆၀၀၀ ထိ ရရှိကြသည့်တွက် နေ့စားလာရောက်လုပ်ကိုင်သူများသည် တစ်ရက်ထက်တစ်ရက် ပိုများလာခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်ဘက်လာရောက်သူများအား မိုင်းနားကျေးရွာအဝင် တိုးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမူများ ပြုလုပ်ပေးပြီး မုတ်လွှဲလမ်းဆုံနားတွင်လည်း ကျန်းမာရေးနဲ့ပတ်သက်သည့် စစ်ဆေးမူများပြုလုပ်ပေးနေသည်ကို တွေ့ရသည်။

သို့သော်လည်း စန်းကားကျေးရွာအတွင်းသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့် နေ့စားသမားများသည် ခတ်ချိုကူးတို့ဆိပ်မှ စက်လှေဖြင့် ကူးလာသူူများဖြစ်သည့်တွက် စိုရိမ်ရကြောင်း ၎င်းကဆက်ပြောသည်။

စန်းကားကျေးရွာသည် အိမ်ခြေပေါင်း ၇၀၀ကျော်ရှိကာ ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး လူဦးရေ စုစုပေါင်း ၅၀၀၀ ထောင်ခန့်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

“ခုကျနော်တို့ ရွာနယ်မြေတွင်းမှာ ကုမ္မဏီပေါင်း ၄ခုရှိတယ်။ အလုပ်သမားတွေလည်း အများကြီးရှိတယ်။ တရုတ်တွေ၊ အောက်ပိုင်းကနေ အလုပ်လာလုပ်တဲ့ပြည်သူတွေ စားသောက်ကုန်တွေဝယ်ဖို့ဆိုရင် စန်းကားဈေးမှာ လာဝယ်ကြတယ်။ ပြီးတော့မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကဈေးသည်တွေလည်းရှိတယ်။ လူတွေကများတဲ့ချိန်ကျတော့မထိန်းနိုင်ဘူး။ ပြီးတော့ တရုတ်ကုမ္မဏီဘက်မှာလည်း အလုပ်သမားတွေက တစ်ရက်ထက်တစ်ရက်ပိုများလာတယ်။ ဒေသခံတွေထက် မြစ်ကြီးနားဘက်က ရွှေစက်၊မန်ခိန်၊မြစ်ဆုံဘက်က လူတွေ ဟိုနေ့ကဆိုရင် အယောက် ၂၀၀ လောက်ရှိမယ်။ အဲကြောင့် ဒေသခံတွေ၊ရပ်မိရပ်ဖတွေရဲ့တောင်းဆိုချက်ကြောင့် ဒေသလိုချက်အနေနဲ့ ထုတ်ပြန်ထားတာဖြစ်တယ်” ဆိုပြီး စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင်ကပြောသည်။

လူစုလူဝေးဖြစ်ခြင်းနှင့် တရုတ်ကုမ္ပဏီမှ အလုပ်သမားများ ဈေးလာဝယ်ခြင်းတို့ကြောင့် စန်းကားဈေးကိုလည်း ပိတ်ထားသည်ဟု သိရသည်။

“ဈေးပိတ်လိုက်တာက ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်တော့ကောင်းပါတယ်။ စန်းကားဈေးမှာက တစ်ခြားနယ်က လာရောင်းတဲ့သူတွေလည်းရှိတယ်။ ဒီရောဂါအခြေနေကြောင့် လာမရောင်းဖို့တွက် ကျမတို့ဈေးသည် အချင်းချင်းလည်း ပြောတယ်။ ပြီးတော့ နယ်ထိန်းတွေကလည်း ပြောတယ်။ဒါပေမယ့် သူတို့က အုပ်ချုပ်ရေးမှူးကိုပြောထားပြီဆိုပြီး လာရောင်းကြတယ်။ ခုလိုလုံးဝမရောင်းရဆိုပြီး ပိတ်လိုက်တော့ ကောင်းပါတယ်။” ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်လွမ်းယန်းက ဆိုသည်။

စန်းကားကျေးရွာရှိ ပြည်သူအများစုသည် တောင်ယာလုပ်ငန်းများလုပ်ကိုင်ကြသော်လည်း တရုတ်ကုမ္မဏီဝင်လာပြီးနောက် လယ်ယာမြေများကို ငှားရမ်းထားကြသည်ဟု သိရသည်။

ဧပြီလ ၁၅ ရက်နေ့မှစကာ စန်းကားကျေးရွာတွင်းသို့ ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ သုံးဘီးနဲ့ဖြစ်စေ ရွာတွင်းသို့ ဈေးလာရောက်ရောင်းချခြင်းအား တားမြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

Show More

Related Articles

Back to top button