Covid-19 Reportingသတင်း

အပြင်ထွက်ခွင့်တားမြစ်ခံရခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များအခက်တွေ့

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကြောင့် စားနပ်ရိက္ခာခက်ခဲလာနေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

အောင်ရာကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာရှိ စစ်ရှောင်ပြည်သူများကို လာရောက်ထောက်ပံ့သည့် အဖွဲ့အစည်းမရှိတော့သည့်အပြင် စခန်းအပြင်ထွက် ရှာဖွေစားသောက်ရန်လည်း အဝင်အထွက်တင်းကြပ်လိုက်သဖြင့် ယခုလို ခက်ခဲလာရခြင်း ဖြစ်သည်ဟု ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်တာဝန်ခံ Sara Htoi Aung ပြောသည်။

“အခုချိန်မှာ စစ်ရှောင်တွေက အစားအသောက်အရမ်းခက်ခဲလာတယ်။ လိုအပ်နေတာကလည်း အခြေခံအစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေပေါ့။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုဆိုးသွားတာပေါ့။ အပြင်ထွက်လို့မရသလို နေ့စားသွားပြီး အလုပ်လုပ်လို့လည်း မရတော့ဘူး။ နေ့စားခေါ်လုပ်မယ့် သူတွေလည်း မရှိတော့ဘူး။ အရင်တုန်းကတော့ နေ့ထွက်အလုပ်လုပ်ရတော့ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေမလာရင်လည်း သိပ်ခက်ခဲမှုမရှိဘူး။ အခုက အပြင်ကို တစ်ညထွက် အိပ်တာနဲ့တင် စခန်းကိုဝင်လို့မရတော့ဘူး။ အဲ့တော့ အခက်အခဲတွေ ပိုများလာတော့ပါ” ဟု ပြောသည်။

စစ်ရှောင်စခန်းတည်ရှိသည့် ကျေးရွာ ၂ခုမှာ ဝါရာဇွပ်ကျေးရွာအုပ်စုအောက်တွင်ရှိပြီး ပုံမှန်အားဖြင့် စခန်းအပြင်ထွက် အလုပ်လုပ်ကိုင် စားသောက်နေသူများကြောင်း သိရသည်။

၎င်းကျေးရွာများအနီးတစ်ဝိုက်တွင် လူပေါင်းစုံသွားလာနေထိုင်သော ရွှေမှော်များ ရှိနေသည်ဟုလည်း သိရသည်။

မြို့ဖြင့်ဝေးသည့် စစ်ရှောင်စခန်းဖြစ်သောကြောင့် ဝယ်ယူထားသည့် အဖျားတိုင်းကိရိယာများပင် အရည်သွေးမမှီသည့် ပစ္စည်းများဖြစ်မည်ကို စိုးရိမ်ကြောင်းစခန်းတာဝန်ခံ တစ်ဦးပြောသည်။

“ရောဂါကာကွယ်တဲ့ ပစ္စည်းတွေက ဈေးထဲမှာ ဝယ်သုံးဖို့ဆိုရင်လည်း အင်မတန်မှ ဈေးကြီးလွန်းတယ်။ မဖြစ်မနေဝယ်သုံးရမယ်ဆိုရင်တောင် ရွာမှာရှိတဲ့ ဈေးဆိုင်တွေမှာက လုံလုံလောက်လောက်ရမှာမဟုတ်ဘူး။ ဝယ်သုံးလို့ရင်တောင် အရည်အသွေးမမှီတဲ့ ပစ္စည်းတွေဘဲဖြစ်မှာဘဲ။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ တိုက်တွန်းချင် ပါတယ်” ဟု အောင်ရာကျေးရွာ စစ်ရှောင်စခန်းတာဝန်ခံ Sara Zau Aung တောင်းဆိုခြင်းဖြစ်သည်။

အောင်ရာနှင့် ရှဒူးဇွပ် စစ်ရှောင်စခန်း ၂ ခုတွင် စုစုပေါင်း လူဦးရေ ၂၀၀ ခန့် ခိုလှုံနေသည်ဟု သိရသည်။

၎င်း စစ်ရှောင်များမှာ ၂၀၁၇ခုနှစ် နှောင်းပိုင်း တနိုင်းလီဒိုလမ်းမတစ်လျှောက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် လက်ရှိစစ်ရှောင်စခန်းတွင် ထွက်ပြေး တိမ်းရှောင်ခဲ့သည်မှာ ၃နှစ်ရှိလာပြီ ဖြစ်သည်။

 

Show More

Related Articles

Back to top button