Covid-19 Reportingသတင်း

ဗန်းမော်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်ရေးပစ္စည်းများ လုံလောက်မှုမရှိသေး

ကချင်ပြည်နယ် ဗန်မော်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်သည့် အသုံးအဆောင်ပစ္စည်း လုံလောက်မှုမရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများပြောသည်။

ဗန်မော်မြို့နယ် စစ်ရှောင်စခန်းများ ၈ ခုရှိပြီး စခန်းတစ်ခုချင်းစီတွင် အနည်းဆုံးလူဦးရေတစ်ထောင်ခန့် ခိုလှုံနေကြသဖြင့် ရောဂါကာကွယ်သည့် အသုံးဆောင်ပစ္စည်များကို လုံလုံလောက်လောက်အသုံးပြုနိုင်ရန် လိုအပ်နေကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦး ယခုလိုပြောသည်။

“ရောဂါကာကွယ်တဲ့ အသုံးဆောင်ပစ္စည်းတွေကို လုံလုံလောက်လောက် သုံးဖို့က အင်မတန်မှ ခက်ခဲပါတယ်။ စခန်းတစ်ခုမှာ လူဦးရေ ထောင်ဂဏန်းရှိတဲ့အတွက် ကိုယ်စီသုံးရဖို့ မလွယ်ဘူး။ အခုဆိုရင် လက်ဆေးတဲ့ ဆပ်ပြာရည်တွေဆိုရင်လည်း ကလေးတွေအတွက်ဘဲ ခွဲပေးနိုင်သေးတယ်။ လူကြီးတွေက မသုံးရသေးဘူး။ Mask နှာခေါင်းအုပ်ဆိုရင်လည်း တစ်ယောက်စီ သုံးဖို့ မပေးနိုင်သေးဘူး။ အဲ့ကြောင့် ပိတ်စနဲ့လုပ်ပြီး ၂ယောက်ကို mask တစ်ခုနှုန်းနှင့်လုပ်ပြီးမှ ခွဲပေးနိုင်သေးတယ်။ အဲဒါကလည်း တစ်ခုသုံးပြီးရင်ပြန်လျှော်ပြီးမှ နောက်တစ်ယောက်ပြန်သုံးပေါ့။ အဲ့လိုမျိုးအနေအထား ဖြစ်နေရပါတယ်” ဟု ဆရာလဗျထိန်နန် ပြောသည်။

ကချင်ပြည်နယ်အတွင်း Covid-19 ကာကွယ်တာဆီးရေးအဖြစ် လုပ်ဆောင်နေသည့် Volunteer အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရများအနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရာတွင် ဗန်းမော်စစ်ရှောင်ပြည်သူများကို ထိထိရောက်ရောက် ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း သူကဆက်လက်ပြောဆိုသည်။

ထို့အပြင် Covid-19 ရောဂါကာကွယ်ရေးအတွက် စစ်ရှောင်စခန်းဝင်ထွက်မှုကို ပိတ်ပင်လိုက်သဖြင့် စစ်ရှောင်များ အပြင်ထွက်နေ့စားလုပ်ကိုင်၍မရဘဲ စားဝတ်နေရေးခက်ခဲမှု ကြုံတွေ့နေရကြောင်း ပြောသည်။

“အရင်တုန်းကတော့ အပြင်ထွက်လို့ရတယ်။ စားဝတ်နေရေးအတွက်လည်း သိပ်စိုးရိမ်စရာမလိုဘူးပေါ့။ အခု ရောဂါဖြစ်ပွားနေတော့ အပြင်ထွက်ပြီး နေ့စားလည်းလုပ်လို့မရတော့ဘူး။ အဲတော့လုံးဝ ဝင်ငွေမရှိဘူးပေါ့။ အစားသောက်တော်တော်ခက်ခဲတယ်။ နောက်ရောဂါကာကွယ်တဲ့ Mask တွေဆို မသုံးနိုင်ကြဘူး။ လက်ဆေးရည်တွေဆိုလည်း ဈေးကြီးပြီး မဝယ်သုံးနိုင်ကြဘူး” ဟု လီဆူစစ်ရှောင်စခန်းတာဝန်ခံ ဝေါးဆာမီး ပြောဆိုသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC)၏ လက်အောက်တွင် ကြည့်ရှု့နေသည့် စစ်ရှောင်စခန်းများတွင် ဧပြီလ ၂၈ရက်နေ့ကစပြီး တစ်ဦးလျှင် နှာခေါင်းပိတ် Mask ၂ခုနှုန်းဖြင့် ခွဲဝေပေးနေကြောင်း ထပ်မံ သိရသည်။

Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများလိုအပ်နေသည့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် လာမယ့်အပတ်တွင် သွားရောက်ကူညီပေးရန် စီစဉ်နေသည်ဟု ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင် ပြောသည်။

“ပထမအဆင့်အနေနဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဖျန်းတာလုပ်တယ်။ တတ်နိုင်သလောက် နှခေါင်းပိတ် သွားပေးတယ်။ အခုတစ်ခေါက်လည်း ဆန် ဆီ တွေ ဝေပေးဖို့ စီမံနေတယ်။ ပြည်နယ်အစိုးရလည်း လာမယ်လို့ပြောတယ်။ ကျနော်တို့မှာလည်း ပြည်တော်ပြန်တွေကို ပြန်ကြည့်နေရသေးတယ်ဆိုတော့ ပြန်မလှည့်နိုင်သေးတာပါ” ဟု ပြောဆိုသည်။

ဗန်းမော်မြို့တွင်လည်း အခြားသောမြို့နယ်များတွင် တရုတ်ပြည်တော်ပြန်များရှိနေပြီ ဖြစ်သည်။

 

Show More

Related Articles

Back to top button