သတင်း

ဝါရာဇွပ်ဒေသခံများတောင်းဆိုသည့် စားကျက်မြေ မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရအကြောင်းပြန်

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသခံများ တောင်းဆိုထားသည့် စားကျက်မြေကို တောင်းဆိုမှုအတိုင်း မသတ်မှတ်ပေးနိုင်ကြောင်း ဒေသခံများကို ကားမိုင်းအုပ်ချုပ်ရေးရုံးမှ မေလ ၇ ရက်နေ့ အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

ကျေးရွာဒေသခံများကိုယ်တိုင် ကျေးရွာစားကျက်မြေအဖြစ် မြေဧက ၃၅၅၀ ကို သတ်မှတ်ပြီး တရားဝင်အသိအမှတ်ပြုပေးရန် နေပြည်တော် ဗဟိုအစိုးရထံသို့ ၃ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပြီးနောက် ယခု ပထမအကြိမ် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မေလ ၇ ရက်နေ့ ၎င်းတို့ကို ကားမိုင်း အုပ်ချုပ်ရေးမှူး ခေါ်ယူတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဝါရာဇွပ်ဒေသခံ ဦးလရှီးအောင်လတ်က “ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတယ်။ ခင်ဗျားတို့ တင်ပြထားတဲ့ စာနဲ့ပတ်သက်ပြီး အထက်က အကြောင်းပြန်ထားတယ်။ အဲ့တော့ အဲ့ဒါကို ဖတ်ပြတာတယ်။ ပထမက စားကျက်မြေ သတ်မှတ်ပေးဖို့ တောင်းဆိုထားတဲ့ မြေဧက အရမ်းကျယ်တယ်။ အစိုးရက နွား ၇နှစ်ကောင်မှာ မြေဧက ၁ဧကသာ သတ်မှတ်ထားတာဖြစ်တယ်။ ပြီးရင် အခုတောင်းဆိုထားတဲ့နေရာတွေက ကျားထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်ထားတဲ့နေရာလည်း ပါဝင်နေတယ်။ နောက် ယုဇန အခွန်ဆောင်ထားတဲ့ မြေနေရာလည်း ဖြစ်နေတယ်။ အဲ့ကြောင့် သီးခြား မြေလွတ်တဲ့နေရာ ပြန်ရှာပြီး ထပ်မံ ပြန်တင်ပြရန် လိုတယ်ဆိုပြီး ပြောခဲ့တယ်” ဟု ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ၂၀၀၄ ခုနှစ်မှစတင်ကာ ကျားထိန်းသိမ်းရေးစီမံကိန်းစတင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် တဖန် အဆိုပါစီမံကိန်းအတွင်း နယ်မြေတချို့ကို ယုဇနကုမ္ပဏီထံ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် ဒေသခံများ၏ လယ်ယာမြေနှင့် စားကျက်မြေများ ပျောက်ဆုံးခဲ့ရသည်ဟု ပြောသည်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ကျေးရွာစားကျက်မြေသတ်မှတ်ပေးရန် ဒေသခံများကိုယ်တိုင် နိုင်ငံတော်သမ္မတရုံးအထိ စာရေးသားပေးပို့ခဲ့ပြီးနောက် ယခု ပထမအကြိမ် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်ဟု ထပ်မံပြောသည်။

အစိုးရမှ စားကျက်မြေ တရားဝင် မသတ်မှတ်ပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း ဆက်လက်ကြိုးစားသွားမည်ဟု ဒေသခံများ ဆိုသည်။

ဝါရာဇွပ်ဒေသခံများကို စားကျက်မြေတောင်းဆိုမှုနှင့်ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံခဲ့သည့် ကားမိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် က ကချင်သတင်းဌာန KNG ကို ယခုလို ပြောဆိုခဲ့သည်။

“ဒေသခံတွေက စားကျက်မြေရလိုပါတယ်ဆိုးပြီး လျှောက်ထားတာပေါ့။ လျှောက်တဲ့အခါမှာလည်း ဧက ၃သောင်းကျော်လောက် လျှောက်ထားတယ်။ အဲ့တော့ ဖားကန့်မြို့နယ်က ကျနော်တို့ကို ပြန်ပြီး တာဝန်ပေးတယ်။ ကွင်းဆင်းစစ်ဆေးတော့လည်း စိုက်ပျိုးရေး ပါတယ်နဲ့ မြေစာရင်းပါတယ်။ ကွင်းဆင်း စစ်ဆေးပြီး တွေ့ရှိချက်တွေကို မြို့နယ်၊ ခရိုင်း၊ ပြည်နယ် အဆင့်ဆင့် တင်ပြခဲ့တယ်။ အခုကရှိတဲ့ အချက်အလက်တွေကို စီစစ်ပြီး ပြန်အကြောင်းကြားတဲ့သဘော။ အဓိကတော့ သူတို့ စားကျက်မြေ အဖြစ် လျောက်ထားတဲ့ နေရာက ဟူးဟောင့်ဘေးမဲ့တောထဲပါနေတယ်။ နောက်ယုဇနကုမ္ပဏီကနေ မြေလွတ်မြေရိုင်းလျှောက်ထားတဲ့ နေရာထဲမှာလည်းပါနေတယ်။ အဲ့ကြောင့် ကာယကံရှင်တွေကို ပြန်ပြီး အကြောင်းကြားခိုင်းတာပေါ့” ဟု ကားမိုင်း အုပ်ချုပ်ရေးမှူက ပြောသည်။

ဒေသခံများလျှောက်ထားသော နေရာသည် Wildlife Conservation Society WCS နယ်မြေနှင့် ယုဇနကုမ္ပဏီ နယ်မြေအတွင်းပါနေသဖြင့် နည်းလမ်းအတိုင်း အခြားနေရာတွင် ပြန်လည်လျှောက်ထားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ကျေးရွာ ၂၀ ကျော်တွင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မြေယာသိမ်းပိုက်ခံခဲ့ရတာကြောင့် ဆုံးရှုံးခဲ့သည့် မြေယာများကို ပြန်လည်ရရှိရန် ပြန်လည်ကြိုးစားရာ ၂၀၁၇ ခုနှစ်မှစတင်ကာ စားကျက်မြေ ခေါင်းစဉ်ဖြင့် မြေဧက ၆ သောင်းကျော်ကို စားကျက်မြေသတ်မှတ်ပေးရန် နေပြည်တော်ဗဟိုအစိုးရအဆင့်အထိ တောင်းဆိုခဲ့သည်။

တောင်းဆိုခဲ့သည့် ကျေးရွာများအနက် ယခုပထမအကြိမ် ဝါရာဇွပ်ကျေးရွာ၏တောင်းဆိုမှုကို အကြောင်းပြန်ရာမှာ ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဟူးကောင်းဒေသခံများသည် အစိုးရကိုတောင်းဆိုသည့်မြေဧကအတိုင်း မြေပြင်တွင်လည်း ‘မည်သည့်ကုမ္ပဏီအဖွဲ့အစည်းများမှ မကျူးကျော်ရ’ ဆိုသည့် ဆိုင်းဘုတ်များထောင်ကာ ၎င်းတို့ ကိုယ်တိုင် စားကျက်မြေ အသီးသီး သတ်မှတ်ယူထားကြသည်။

ကိုယ်ပိုင်စားကျက်မြေသတ်မှတ်ထားသော ကျေးရွာ ၁၃ ခုရှိပြီး ၎င်းတို့မှာ တရုန်၊ လဂျားဘွမ့်၊ ပနပ့်၊ အောင်ရာ၊ တိန့်ကောက်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီ၊ ဒွန်ဘန်၊ လဝါး၊ ဒွမ်ဘုန်းနှင့် လဂေါင် စသော ကျေးရွာများ ဖြစ်ကြသည်။

ထိုနေရာများတွင် ဒေသခံများနှင့် ယုဇန ကုမ္ပဏီတို့ကြားမှာလည်း ပဠိပက္ခ ဖြစ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button