Covid-19 Reportingသတင်း

တရုတ်ပြည်တော်ပြန်များကို ဆေးစစ်သည့်ကျန်းမာရေးဝန်ထမ်း Covid-19 ကူးစက်ခံရ

တရုတ်နယ်စပ် လွယ်ဂျယ်တွင် ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးပေးသည့်ဝန်ထမ်းတစ်ဦး Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၁၁ ရက်နေ့ ယနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အသက်(၂၄)နှစ်အရွယ် မိန်းကလေး ကျန်းမာရေးဝန်ထမ်းသည် ရောဂါပိုးအတည်ပြုလူနာများနှင့်ထိတွေ့မှု မရှိ၊ ပြည်ပခရီးသွားရာဇဝင် မရှိသော်လည်း
နေမကောင်းဖြစ်လာသည့်အတွက် ဆေးစစ်ကြည့်ရာ အမှတ်စဉ် ၂၄၉ အဖြစ် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

“လက်ရှိကတော့ ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့မနက်ပို့ထားပြီ။ ဗန်းမော်ဆေးရုံမှာဘဲ ဆေးကုဖို့စီစဉ်ထားပါတယ်။ ဆရာမက ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့ခဲ့တာမဟုတ်ဘူး။ တရုတ်နိုင်ငံကပြည်တော်ပြန်တွေကို ကျန်းမာရေးစစ်ဆေးပေးရင်း ကူးသွားတာဆိုတော့ ဘယ်ချိန်ဘယ်သူ့ဆီက ကူးသွားမှန်းမသိရတဲ့တွက် တရုတ်ပြည်တော်ပြန်က ခုဆိုရင် ၁၀၀၀၀ ကျော်နေပြီ ဝင်လာတာ ဘယ်သူ့ဆီကကူးမှန်းမသိဘူး။ လိုက်ပြီးစစ်ဆေးရအောင်လည်း ရမ်းခက်နေပြီ။ ဒါပေမယ့်သူနဲ့ အတူနေတဲ့ ဝန်ထမ်းတွေကိုတော့ ဆေးစစ်ဖို့ပြင်ဆင်နေပါပြီ” ဟု မိုးမောက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

လူနာအမှတ်စဉ် ၂၄၉ သည် နေမကောင်းမဖြစ်ခင်၌ မိုးမောက်မြို့ဆေးရုံးခွဲတွင် လစာသွားရောက်ထုတ်ယူမူများရှိခဲ့သည့်အပြင် သင်တန်းတက်ရောက်မှုများလည်းရှိထားသည့်တွက် ၎င်းနဲ့ဆက်စပ်သူများကိုလည်း ဆေးစစ်ရန် ပြင်ဆင်နေပြီဟု ဆိုသည်။

“တရုတ်အစိုးရက ယူနန်ပြည်နယ်ကို ဝူဟန်ကင်းစင်နယ်မြေဆိုပြီး သတ်မှတ်ထားတဲ့အတွက် ကျနော်တို့ထင်တာက တရုတ်ပြည်တော်ပြန်တွေက အဲလောက်ထိ စိုးရိမ်စရာမလိုဘူးထင်နေတာ။ ခုကတရုတ်ပြည်ကလာတဲ့သူတွေဖြစ်နေပြီဆိုတော့ ပိုပြီးစိုးရိမ်ရပြီ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပြည်နယ်မှာတရုတ်ပြည်ဘက်ကလာတဲ့သူတွေ ရွာမှာ စစ်ရှောင်စခန်းမှာ နေရာအသီးသီးကလူတွေပါတော့ ရမ်းစိုးရိမ်စရာဖြစ်လာပြီ။” ဟု ဗန်းမော်မြို့ရှိ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ရောဘတ်လူငယ်အဖွဲ့မှ ဆရာဘရန်ဆန်က ပြောပြသည်။

ပိုးတွေ့ရှိလူနာတစ်ဦး ထွက်ပေါ်လာပြီးနောက်ပိုင်း နေ့စဉ်အမျှဝင်လာနေသောပြည်တော်ပြန်များအား မည်သို့ပြန်လည်လက်ခံမည့်အကြောင်း ဆွေးနွေးမူများပြုလုပ်နေဆဲဖြစ်သည့်အတွက် လက်ရှိဖြေကြားရန် အဆင်သင့်မဖြစ်သေးကြောင်း ကချင်ပြည်နယ်အစိုးရ Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင်လှိုင်က ကချင်သတင်းဌာန KNG ကိုပြောသည်။

ဇွန်လ ၁၁ရက်နေ့ထိ ကချင်ပြည်နယ်တွင် နိုင်ငံပေါင်းစုံမှ ပြည်တော်ပြန်ဦးရေ ၁သောင်းကျော် ရှိနေပြီဖြစ်သော်လည်း ပြည်နယ်အတွင်း Covid-19 ရောဂါပိုးစစ်ဆေးမည့်စက်ထားရှိရန် အစီစဉ်မရှိသေးကြောင်း ပြည်နယ်အစိုးရက လွန်ခဲ့သည့်အပတ်တွင် KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ယခုပိုးတွေ့လူနာအမှတ်စဉ် ၂၄၉ ၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ကိုစစ်ဆေးရန် လွန်ခဲ့တဲ့မေလကတည်းက ရန်ကုန်ဓါတ်ခွဲခန်းသို့ ပေးပို့ထားပြီးဖြစ်သော်လည်း ရက်အတန်ကြာမှ ယခုလိုဓါတ်ခွဲအဖြေကိုသိရသည့်အပေါ် ကချင်ဒေသခံများက စိုးရိမ်မှု ရှိနေကြသည်။

ကချင်ပြည်နယ်တွင် တရုတ်ပြည်တော်ပြန်များကို ဧပြီလ ၁၆ရက်နေ့မှစကာ ပြန်လည်လက်ခံနေပြီး ဇွန်လ ၁၁ရက်နေ့ထိ တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် Quarantine Center ပေါင်း ၅၄၄ ခုရှိပြီး မြစ်ကြီးနားခရိုင်တွင် ၈၂၊ မိုးညှင်းခရိုင် ၁၄၂၊ ဗန်းမော်ခရိုင် ၂၆၆ နှင့် ဆွမ်ပရာဘွမ် ၂၆၆ တို့ဖြစ်သည်။

ယခုလူနာအမှတ်စဉ် ၂၄၉ သည်ကချင်ပြည်နယ်၏ ဒုတိယမြောက် ပိုးတွေ့လူနာဖြစ်ပြီး ပထမမြောက်လူနာသည် အမှတ်စဉ် ၁၄၄ ဖြစ်ကာ ၎င်းသည် ရောဂါးပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။

Show More

Related Articles

Back to top button