သတင်း

တပ်မတော်ကကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းမည့်အဖွဲ့ ဖွဲ့စည်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

တပ်မတော်က ကျူးလွန်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန်နှင့် စုံစမ်းစစ်ဆေးနိုင်ရေး လွတ်လပ်သောအဖွဲ့ဖွဲ့စည်းပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများက ဇွန် ၂၆ ရက်နေ့ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ဖြင့်တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများ၌ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကို အဆုံးသတ်နိုင်ရန် ရည်ရွယ်ပြီး သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားပြု ဦးဆိုင်းလတ်အောင်က ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

“ကျနော်တို့အနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေကို တရားမျှတမှုရအောင် အစိုးရကို ဖော်ဆောင်ခိုင်းစေချင်တယ်။ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်တဲ့ မည်သူမဆိုကို ပွင့်လင်းမြင်သာစွာ အပြစ်ပေးအရေးယူတဲ့ စနစ်တစ်ခု အကောင်အထည်ဖော်ပေးစေချင်တယ်။ အခုလက်ရှိမြန်မာနိုင်ငံက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတယ်။ ညှဉ်းပန်း နှိပ်စက်မှုတွေက အရမ်းများတယ်။ ဒါကစနစ်တကျနှင့် လုပ်ဆောင်ပေးတာမရှိသေးဘူး။ ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ပြည်သူလူထုအရမ်းနစ်နာတယ်။” ဟု ပြောဆိုသည်။

ပြည်သူလူထုကို ကာကွယ်ပေးတဲ့စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်သိက္ခာရှိလာစေဖို့ ရည်ရွယ်ပြီး အိတ်ဖွင့်ပေးစာပေးပို့ရခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။

မြန်မာ့တပ်မတော်ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပေးရန် တောင်းဆိုထားသည်။

အိတ်ဖွင့်ပေးစာတွင်ပါရှိသော တောင်ဆိုချက်များမှာ ယခင်အစိုးရသက်တမ်းတွင် အတည်ပြုဆွေးနွေးခဲ့သော UNCAT (United Nation Convention Against Torture) စာချုပ်အား လက်ရှိအစိုးရမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ စစ်မက်ဖြစ်ပွားရာဒေသများတွင် မြန်မာ့တပ်မတော်မှ ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို ထိရောက်စွာ စုံစမ်းစစ်ဆေးအရးယူ ဆောင်ရွက်ရေး၊ တိုင်းရင်းသား ဒေသများသို့ မြန်မာ့တပ်မတော်မှ ထိုစစ်ဆင်နေမှုများကို ရပ်တန့်နိုင်ရန်လုပ်ဆောင်ပေးရန် စသည့်အချက်များကို လည်း ထပ်မံ တွေ့ရသည်။

ညှဉ်းပန်းနှိပ်စက်မှုများဟုဆိုရာတွင် လူအများသိရှိပြီဖြစ်သော လွန်ခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို တပ်မတော်က ရေယာဉ်တစ်ခုတွင် ဖမ်းဆီးနှိပ်စက်ခဲ့သည့်အဖြစ်အပျက်ကို အိတ်ဖွင့်ပေးစာက ဖော်ပြထားသည်။

အလားတူ ၂၀၁၁ ခုနှစ် ကချင်တစ်ကျော့ပြန်တိုက်ပွဲများတွင်လည်း ကချင်အရပ်သားများ သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ယနေ့တိုင် လွတ်မြောက်နေဆဲဖြစ်သည်။

ဇွန် ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်ခံရသူများကိုထောက်ပံ့ရေးနေ့တွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများအပါဝင် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း ၁၀၆ ဖွဲ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုထားခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button