Covid-19 Reportingသတင်း

Covid-19 ကာကွယ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအချို့ အနားယူရန် အိမ်ပြန်

Covid-19 ကာလတစ်လျှောက် စေတနာ့ဝန်ထမ်းအဖြစ်ကူညီခဲ့သည့် မြစ်ကြီးနားရှိ Kachin State Covid-19 Prevention Network က ကချင်လူငယ်အချို့သည် ပြန်လည်အားဖြည့်ရန်အတွက် အိမ်ပြန်ကြပြီဟု သိရသည်။

ဧပြီလဆန်းမှ ယနေ့ချိန်ထိ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခဲ့ကြပြီး အချိန်ကြာလာသည့်အတွက် လူငယ် ၂၅ ယောက်သည် အိမ်ပြန်ကြမည်ဖြစ်ကာ ဇွန်လ ၂၃ ရက်နေ့ ၎င်းတို့အား ရောဂါပိုးစစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးမတွေ့ (Negative) ဖြစ်သည့်အတွက် ဇွန် ၂၈ ရက်နေ့ အိမ်ပြန်ပြီဟု သိရသည်။

“ကျနော်တို့က အခုဒီမှာလုပ်တာလည်း နှစ်လကျော် သုံးလနီးပါးလောက် ရောက်လာပြီဖြစ်တယ်။ ကျနော်တို့ လူငယ်တွေလည်း မောပန်းကြပြီ။ ကျနော်တို့ အစဆိုတော့ အားနည်းတယ်။ အဲ့လိုမျိုးတွေဖြစ်လာတော့ ကျနော်တို့လည်း လူငယ်တွေနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးတိုင်ပင်ပြီးတဲ့ချိန်မှာ ကျနော်တို့ အဆုံးသတ်လိုက်တာမဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေ အိမ်ပြန်ခဏနားပြီး အားပြန်ယူပြီး လိုရင်ပြန်လာဖို့ ပြင်ဆင်ထားတယ်။” ဟု KSC19PN မှ တူးဆိုင်း က ပြောသည်။

စေတနာ့ဝန်ထမ်းပေါင်း ၇၀ ကျော်ရှိသည့်အနက် ၂၅ ယောက်သာ အိမ်ပြန်ခြင်းဖြစ်ပြီး ကျန်သည့်သူများမှာ နဂိုအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်မည်ဟု သိရသည်။

KSC19PN အဖွဲ့သည် Covid တစ်ခုတည်းအတွက်မဟုတ်ဘဲ ပြည်နယ်အတွင်းအခြားမည်သည့် မီးဘေး၊ ရေဘေး နှင့် ရောဂါအမျိုးမျိုးဘေးများကြုံလာလျှင် အဆင်သင့်ဖြစ်အောင် အမြဲကြိုတင် စဉ်းစားထားမှုရှိနေကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါစေတနာ့ဝန်ထမ်းများသည် မြစ်ကြီးနားမနောကွင်းတွင် အခြေချပြီး တရုတ်၊ ထိုင်းနှင့်နိုင်ငံပေါင်းစုံမှ ကချင်ပြည်နယ်သို့ဝင်လာသူများကိုခေတ္တထားသည့် မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းတွင် စေတနာ့ဝန်ထမ်းလုပ်နေသည့်အပြင်၊ စစ်ဘေးရှောင်စခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ လူထူထပ်သည့်နေရာများတွင် ကိုဗစ်ပညာပေးမှုပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

လူငယ်အများစုပါဝင်သော ယခုစေတနာ့ဝန်ထမ်းအဖွဲ့တွင် ၃ လကြာပါဝင်ခဲ့ခြင်းဖြင့် အတွေ့အကြုံအများအပြားရရှိခဲ့သည်ဟုလည်း ပြောဆိုနေကြသည်။

“ကျမတို့ လူငယ်အဖွဲ့အစည်းအနေနဲ့လုပ်တာဖြစ်တဲ့အတွက် လူငယ်တွေတစ်ယောက်ပြီးတစ်ယောက်ကြား အကျင့်စာရိတ္တကအစ ပြောဆိုဆက်ဆံရေးကအစ သင်ခန်းစာတွေ အများကြီးရရှိပါတယ်။ Quarantine နေရာတွေမှာ ဆေးဖျန်းတဲ့ချိန်လည်း ဆေးတွေကို ဘယ်လိုလုပ်တယ်ကအစ ကိုယ်မလုပ်ဖူးတဲ့အလုပ် တွေကိုလည်း ပါဝင်ဆောင်ရွက်နိုင်တယ်။ ပြီးတော့ Quarantine နေရာတွေမှာလည်း စောင့်ကြည့်တဲ့ ဆေးဆရာမတွေကအစ သူတို့နဲ့ ပြောဆိုဆက်ဆံတာတွေ ဘယ်ကလာတယ် ၊ သူတို့ရဲ့လုပ်ဆောင်မှုပုံစံတွေကအစ သင်ယူခွင့်ရရှိပါတယ်။” ဟု မိုင်းနားစစ်ရှောင်စခန်းမှ IDP လူငယ်အဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့တွင်ပါဝင်ခဲ့သူ မ ဖော်ဒွတ်လုထွယ် က ပြောသည်။

အဆိုပါအဖွဲ့သည် လက်ရှိအချိန်ထိ Quarantine Center များတွင် စေတနာ့ဝန်ထမ်းအဖြစ်ရှိနေဆဲဖြစ်သည်ဟု သိရသည်။ KSC19PN ကို ကချင်အရပ်ဘက်လူငယ်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့နှင့် စစ်ရှောင်လူငယ်များပါဝင်သည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ ခုတွင် Quarantine နေရာ ၄၁၂ ခုရှိနေပြီး လူဦးရေ ၂၂၅၃ ဦး ရှိနေဆဲဖြစ်သည်ဟု ပြည်နယ်ကျန်းမာရေးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် မိုးမောက်မှ လူနာအမှတ်စဉ် ၂၄၉ ကို ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့တော့ပြီဖြစ်သော်လည်း ဒုတိယအကြိမ်ပြန်လည်စစ်ဆေးရန် ဓါတ်ခွဲနမူနာ ထပ်မံပေးပို့ထားသည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button