သတင်း

ကချင်လူမျိုးများအကြောင်းမှားယွင်းဖော်ပြမှုကို ယခုနှစ်ပညာသင်နှစ်အမှီ ပြင်ဆင်ပေးရန်တောင်းဆိုသွားမည်

အခြေခံပညာ စနစ်သစ်သင်ရိုးညွှန်းတမ်းမှ သတ္တမတန်းပထဝီဘာသာရပ်တွင် ကချင်လူမျိုးများအကြောင်းကို မှားယွင်းစွာရေးသားဖော်ပြထားမှု ယခုနှစ်ပညာသင်နှစ်အမှီ ပြင်ဆင်ပေးရန် မြန်မာနိုင်ငံ ကချင်လူမျိုးများယဉ်ကျေးမှုဗဟို WHG မှ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၆ ရက်နေ့တွင် ကချင်မျိုးနွယ်စုဝင် ၆မျိုးနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်ရမည့်အချက်များကို လက်မှတ်ရေးထိုးကာ ဇူလှိုင်လ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဌာနများသို့ စာပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကချင်လူမျိုးများယဉ်ကျေးမှုဗဟို WHG ဥက္ကဌ ဦးလှနူးက ပြောသည်။

“ပြင်ဆင်ရမည့် အချက် ၃ချက်ကို လုပ်ထားပါတယ်။ ကချင်တိုင်းရင်းသားလူမျိုးများသည် ကချင်၊ တဂုံ၊ ဒလောင်၊ ဂျိန်းဖေါ့၊ ဂေါ်ရီ၊ ခကူး၊ ဒုရင်း၊ မရူ(လောဂီ)၊ ရဝမ်၊ လရှီ(လာချစ်)၊ အကီးနှင့်လီဆူး ဆိုပြီး မှားယွင်းစွာ ဖော်ပြထားတဲ့ သင်ရိုးညွှန်းတမ်းမှာ ပြန်ပြင်မှာက ဂျိန်းဖေါ့၊ လာချိဒ်(လရှီ)၊ လော်ဝေါ်(မရူ)၊ ဇိုင်ဝါး(အဇီး)၊ လီဆူးဆိုတဲ့နေရာမှာ လီဆူ၊ ရဝမ်ဆိုပြီး ပြင်ဆင်ထားတယ်။ ဒုတိယအချက်က ကချင်လူမျိုးများအများစုသည် ခရစ်ဘာသာကိုးကွယ်သူများဖြစ်ကြသည်ဆိုတဲ့အပိုဒ်မှာ ကချင်လူမျိုးများအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ တတိယအချက်မှာ စာမျက်နှာ ၃၇ လေးထောင့်ကွက်မှာ ဖော်ပြထားတဲ့ ကချင်လူမျိုးသည် လူမျိုးစု ၁၂မျိုးဖြစ်ပြီး အဓိကလက္ခဏာမှာ ခါကာဘိုရာဇီတောင်ဖြစ်သည် ဆိုတဲ့နေရာမှာ ကချင်လူမျိုးသည် မျိုးနွယ်စု ၆မျိုးရှိပြီး အမှတ်လက္ခဏာမှာ ခါကာဘိုရာဇီတောင်ဖြစ်သည် ဆိုပြီး အချက် ၃ ချက် ပြင်ဆင်ပေးဖို့ တင်ပြသွားမှာဖြစ်တယ်။” ဟု ပြောသည်။

ကချင်မျိုးနွယ်စုဝင် ၆ မျိုးမှ စာပေယဉ်ကျေးမှုခေါင်းဆောင်များနဲ့ WHG တာဝန်ရှိသူများသုံးသပ်ကာ အားလုံးသဘောတူညီချက် လက်မှတ်ရေးထိုးကာ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စနစ်သစ်သင်ရိုးညွှန်းတမ်းတွင်မှားယွင်းဖော်ပြမှုများနှင့်ပတ်သက်ပြီး အမှန်ပြင်ဆင်ပေးရန် သက်ဆိုင်ရာမျိုးနွယ်စုဝင်ကလည်း နိုင်ငံတော်သမ္မတထံသို့ သီးခြားတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ယနေ့ချိန်ထိ တုံ့ပြန်မှု မရရှိသေးကြောင်း သိရသည်။

“ဒါက မဖြစ်မနေပြင်ဆင်ရမယ့် ကိစ္စဖြစ်နေပါတယ်။ လွှဲချော်နေတဲ့ဟာတွေက ဆိုးဆိုးဝါးဝါးဖြစ်နေဟာကြောင့်မို့ ပြင်ကိုပြင်ရမယ်။ တစ်စုံတစ်ရာတုံ့ပြန်လာတာမရှိသရွှွေ့တော့ ဆက်သွားရမှာဘဲ။ အရင်တစ်ခေါက် သမ္မတရုံးကိုထည့်တာကျတော့ လီဆူစာပေနဲ့ယဉ်ကျေးမူဗဟိုကော်မတီကနေထည့်တာပါ။ ဒီနေ့ချိန်ထိတော့ တစ်စုံတစ်ရာတုံ့ပြန်တာမရှိသေးပါဘူး။ ခုဒီတစ်ကြိမ်တော့ မျိုးနွယ်စု ၆မျိုးလုံးပေါင်းပြီးတော့ ထည့်တာဖြစ်ပါတယ်။” ဟု လီဆူစာပေယဉ်ကျေးမှုဗဟိုကော်မတီမှ အလုပ်အမူဆောင် ဦးလီလေးက ပြောသည်။

စနစ်သစ်သင်ရိုးညွန်းတမ်းသည် အနာဂတ်မျိုးဆက်သစ်များ သိသင့်သိထိုက်သော မျိုးနွယ်စုများအကြောင်းကို ဖော်ပြထားသည်ဆိုသော်လည်း ယခုကဲ့သို့ မှားယွင်းစွာဖော်ပြခြင်းသည် မျိုးဆက်သစ်လူငယ်များကို သမိုင်းအမှားသင်ပေးခြင်းသာဖြစ်သောကြောင့် အမြန်ပြင်ဆင်သင့်သည်ဟု လော်ဝေါ်စာပေယဉ်ကျေးမှုဗဟိုကော်မတီမှ ဦးဒေါင်ဟောင်း ကလည်း ပြောသည်။

၁၉၅၅ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့တွင် ပြည်ထောင်စုတရားရေးဝန်ကြီးဌာနမှ ကချင်လူမျိုးများ ဟူသည့်ခေါင်းစဉ်အောက်တွင် ဂျိန်းဖေါ့ (Jinghpaw)၊ အဇီး (Atsi)၊ မရူ (Maru)၊ ယောရင်(Lisaw)၊ နုံ (ခနုံ-ရဝမ်)Nung (Hkanung-Rawang) စသည့်အမည်နာမအား တရားဝင်ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button