သတင်း

ပထမအကြိမ် မဲ စာရင်းများကို ကြေညာတော့မည်

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲစာရင်းကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ စကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။

ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှစကာ သြဂုတ်လ ၇ ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး ဒုတိယအကြိမ်ကိုမူ အောက်တိုဘာလ ၁၄ရက်ထိ ကြေညာသွားမည်ဖြစ်သည်။

မဲစာရင်းကို မိမိ၏ ကျေးရွာ၊ ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ကြေညာမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါဝင်ထားခြင်း ရှိမရှိ သွားရောက်စစ်ဆေးရန်နှင့် မပါဝင်နေပါက ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ယခုလိုပြောသည်။

“မဲစာရင်း ကပ်ထားပြီဆိုရင် တစ်အိမ်ထောင်ကို တစ်ယောက်လောက်တော့ သွားကြည့်ဖို့လိုတယ်။ ဘာလို့လဲဆိုရင် အဲမဲစာရင်းမှာ ကိုယ့်မိသားစုတွေ အကုန်လုံးပါရဲ့လား အချက်လက်မှန်ရဲ့လားဆိုတာ သေချာလေးစစ်ပေး သဘောက ကိုယ့်အိမ်က မိသားစုကျန်ခဲ့တယ်ဆိုလည်းပုံစံ(၃)နဲ့တောင်းဆို၊ အချက်လက်တွေမှားနေရင် ပုံစံ ၄(ဂ)နဲ့ပြင်ဆင် နောက်ပြီးတော့ မရှိတော့တဲ့သူတွေ မပါသင့်တဲ့သူတွေ ပါနေလည်း ပုံစံ(၄)နဲ့ ကန့်ကွက်လို့ရတယ်။ အဲလိုတောင်းဆိုလာတဲ့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကနေ စီစစ်ပြီးတော့ ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။” ဟု ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဗမာ၊ လီဆူ၊ ရှမ်း၊ ရဝမ် ရေးရာကိုယ်စားလှယ်ရွေးချယ်ခွင့်ရှိသောကြောင့် အဆိုပါကိုယ်စားလှယ်ကိုရွေးချယ်မည့်သူများသည်လည်း မိမိ၏မဲစာရင်း ပါဝင်မှုရှိ မရှိကို တပါးတည်းစစ်ဆေးရမည်ဖြစ်သည်။

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် လူဦးရေသည် ၁၀သိန်း ၇သောင်းရှိနေပြီး ကချင်ပြည်နယ်အတွင်း မဲစာရင်းပြုစုလို့မရသည့် ကျေးရွာပေါင်း ၂၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်ချက်အရ လာမည့်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိပြီး ကချင်ပြည်နယ်တွင်မူ ပါတီရုံးစိုက်ထားသည့် ပါတီပေါင်း ၁၇ပါတီရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button