ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်နှင့် ရှမ်းပြည်နယ် မြို့နယ်တချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် LNUDP ပါတီ

လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီတစ်ခုဖြစ်သော လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ LNUDP ၏အကြောင်း ပါတီ ဥက္ကဌ ဦးလခမ်ဒေါင်ခမ် ကို ကချင်သတင်းဌာန KNG က ဆက်သွယ်မေးမြန်းထားပါသည်။

KNG – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အပိုင်းနဲ့ ကချင်ပြည်နယ်မှာ မြို့နယ် ဘယ်နှစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားလဲ သိပါရစေ။
LNUDP – ကချင်ပြည်နယ်မှာက ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ် မိုးကောင်းမြို့နယ်တွေမှာ ယှဉ်ပြိုင်သွားဖို့ လျာထားပါတယ်။ ရှမ်းပြည်နယ်မှာတော့ မြို့နယ် ၂ ခုမှာ ယှဉ်ပြိုင်မှာပါ။ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အပိုင်းတော့ လောလောဆယ် မပြီးသေးပါဘူး။

KNG – ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တဲ့အပိုင်းမှာ ဆရာတို့ပါတီအတွက် အခက်ခဲဆုံးက ဘာတွေဖြစ်မလဲ။
LNUDP – ကျနော်တို့ပါတီအတွက် အဓိကစိန်ခေါ်မှုတွေက လော်ဝေါ်လူမျိုးတွေကိုယ်တိုင်က လော်ဝေါ်ဆိုတဲ့အမည်နာမကို သိပ်နားမလည်တဲ့အပိုင်း ရှိပါတယ်။ အဲကြောင့်မို့လော်ဝေါ်လို့ပြောလိုက်တာနဲ့ အဲဒီလော်ဝေါ်ဆိုတဲ့အတိုင်းအဝိုင်း အစည်းအဝေးကနေ ထွက်ပြေးချင်နေတဲ့ အခက်ခဲစိန်ခေါ်မူတွေ ရှိတယ်။ အဲကြောင့်လော်ဝေါ်မျိုးနွယ်စုဝင်တွေကို ကိုယ်စားပြုတဲ့ပါတီတွေအနေနဲ့ မဲဆွယ်ရမှာထက် လူမျိုးအကြောင်းကို အရင်ပြောကြရင်ကောင်းမလို ဖြစ်နေတယ်။ အဲကြောင့် ကျနော်တို့တွက် ခက်ခဲဆုံးဖြစ်နေတယ်။ နောက်တစ်ခုက ပါတီငယ်ဖြစ်တဲ့တွက် ပါတီကြီးတွေလို မိဘပြည်သူတွေကို မဲဆွယ်သွားတဲ့ချိန်လည်း ဘာမှမပေးနိုင်ဘူး။ ပြည်သူတွေကလည်း ကျနော်တို့သွားလို့လာတွေ့ရင် ခင်ဗျားတို့ကဘာပေးမလဲ ဘာမပေးရင်ပြန်ပြီဆိုတာမျိုးလည်းတွေ့ကြုံရတဲ့အတွက် အခက်ခဲတွေကတော့ အများကြီးရှိနေပါတယ်။

KNG – ဆရာတို့ ပါတီအနေနဲ့ တစ်ခြားတိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားတာမျိုးရှိလား။
LNUDP – ကျနော်တို့ပါတီအနေနဲ့တော့ မဟာမိတ်ဖွဲ့ရန် အင်မတန်ကြိုးစားခဲ့ပါတယ်။ ပါတီမြောက်များစွာနဲ့လည်း ပြောဆိုဖူးတယ်။ ဒါပေမယ့် တစ်ခုနဲ့မှအဆင်ပြေတာမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာလျာထားရေးမှာ ပိုပြီးတော့ ပြသာနာဖြစ်တယ် ကျနော်တို့ကတော့ လော်ဝေါ်အမျိုးသားကိုအခြေခံတဲ့အတွက်ကြောင့် လော်ဝေါ်အမျိုးသားများတဲ့အပိုင်း များတဲ့နေရာကိုလိုချင်တယ်။ ဒါပေမယ့် ကျနော်တို့နဲ့မဟာမိတ်စကားပြောဖူးတဲ့ ပါတီတိုင်းက အဲနေရာကိုမပေးချင်ကြဘူး။ ပြီးတော့ ကျနောတို့ကို နိုင်ငံရေးပညာအားဖြင့်လည်းကောင်း စီးပွားရေးလုပ်ဆောင်ရမယ့် အခန်းကဏ္ဍတွေမှာသော်လည်းကောင်း ကျနော်တို့ကိုအားပေးရမယ့်ဟာတွေ အားမပေးနိုင်ကြဘူး။ အားပေးချင်တဲ့စိတ်ဆန္ဒမရှိကြဘူး။ အဲကြောင့်ကျနော်တို့ ပါတီမဟာမိတ်လုပ်ဆောင်ဖို့ရန်ခက်ခဲရှိတယ်။

KNG – လက်ရှိအခြေနေမှာ တစ်ဖက်အတိုက်အခံပါတီ နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်၌က မဲဆွယ်ဖို့ကြေညာထားပြီဆိုတော့ ပါတီငယ်တွေ တိုင်းရင်းသားပါတီတွေတွက် စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။
LNUDP – ပါတီစည်းရုံးရေးနဲ့မဲဆွယ်စည်းရုံးရေး အခန်းကဏ္ဍကို နားမလည်တဲ့ခါမှာ တွန့်တိုတာတဲ့ဟာမျိုး ဒါမှမဟုတ် မနာလို ဝန်တိုမှုတွေဖြစ်တတ်တာမျိုး ဖြစ်တတ်ကြတယ်။ အမှန်တစ်ကယ်ပြောမယ်ဆိုရင်အားလုံးက ပါတီစည်းရုံးရေးတော့ လုပ်ဆောင်နေပြီးသားဖြစ်တယ်။ မဲဆွယ်စည်းရုံးရေးကတော့ လွန်ခဲ့တဲ့ ၂၀၁၅ကလည်း ရက်ပေါင်း ၆၀သတ်မှတ်ပေးတယ်။ ဒီနှစ်လည်း ရက်ပေါင်း ၆၀ သတ်မှတ်ပေးမယ်လို့တော့ ကြားနေပါတယ်။ ကျနော်တို့ပါတီငယ်တွေကတော့ လူအင်အား ငွေအင်အားမတတ်နိုင်လို့ မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဖြစ်တာမျိုးတော့ရှိပါတယ်။

KNG – ပြည်သူတွေကကော အရင်ရွေးကောက်ပွဲတုန်းကလို တစ်ခဲနက် မဲ လာထည့်မယ်လို့ ယုံကြည်ထားလား။
LNUDP – မဲပေးမယ့်အခြေနေမှာတော့ ပြည်သူအားလုံးကလည်း ရွေးကောက်ပွဲ၂ ကြိမ်ပါဝင်လာပြီဖြစ်တဲ့အတွက် ပိုပြီးသိမြင်လာပြီဆိုတော့ ခုတစ်ခေါက် တတိယအကြိမ်မှာ ပြည်သူတွေက ပိုပြီးတော့နားလည်လာပြီလို့မြင်တယ်။ အဲကြောင့် မဲပေးမယ့်ပြည်သူတွေအနေနဲ့ ပိုပြီးရွေးချယ်ပေးတတ်လာလိမ့်မယ်။ ပြီးတော့ ပြည်သူတွေအားလုံးကလည်း မဲလာပေးမယ်လို့ ယုံကြည်ပါတယ်။
KNG – ညွှန့်ပေါင်းအစိုးရဖြစ်လာဖို့အတွက်လမ်းစ တစ်ခုဆိုပြီး ပြောနေကြတာတွေရှိတယ်။ ဆရာတို့ပါတီအမြင်နဲ့ဆိုရင်ကော တစ်ကယ်ဘဲ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲက ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်မလား။
LNUDP – ကျနော့်အမြင်ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲက ညွှန့်ပေါင်းအစိုးရဖြစ်လာနို်င်ပါတယ်။ ဒါပေမယ့် ညွှန့်ပေါင်းအစိုးရဖြစ်ရင်လည်း တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖက်ဒရယ် ရရှိဖို့ အင်မတန်ခဲယဉ်းနေသေးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖက်ဒရယ်ရဲ့အနှစ်သာရကို နားလည်တဲ့ပုဂ္ဂိုလ်တွေနည်းသလို ဖက်ဒရယ်မူ ဘယ်လောက်ကောင်းသော်ငြားလည်း အဲဒီဖက်ဒရယ်မူကို အမှန်တစ်ကယ်ကျင့်သုံးပြီးမှ ဦးဆောင်ချင်တဲ့ပုဂ္ဂိုလ်တွေ အင်မတန်နည်းသေးတယ်လို့ မြင်တွေ့ရတယ်။ အဲကြောင့်မို့ ညွှန့်ပေါင်းအစိုးရဖြစ်လာလည်း ဖက်ဒရယ်ကတော့ အလှမ်းဝေးနိုင်ပါသေးတယ်။

KNG – အဲဆိုရင် ဆရာခံယူထားတဲ့ ဖက်ဒရယ်ဆိုတာက ဘယ်လိုမျိုးလဲရှင့်။ ပြီးတော့ ဖက်ဒရယ်ရရှိဖို့ ဘာတွေက အဓိက လိုအပ်လဲ။
LNUDP – ဖက်ဒရယ်ဆိုတာက မိမိကံကြမ္မာ မိမိဖန်တီးခြင်းဆိုတာဘဲ။ ထိုနည်းတူ တိုင်းရင်းသားတိုင်းက ကိုယ့်ကံကြမ္မာကိုဖန်တီးရမယ့် စိတ်ဓါတ်ရှိရမယ်။ အဲကြောင့်မို့ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ဖို့ဆိုရင် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ချင်တဲ့စိတ်ဓါတ်အဓိက ရှိရမယ်။

KNG – ဆရာတို့ပါတီရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကိုအဓိကပေးမယ့် ကတိကဝတ်က ဘာဖြစ်မလဲ။
LNUDP – လော်ဝေါ်ပြည်သူတွေကို လော်ဝေါ်အမျိုးသား အသိုက်အမြုံပျက်စီးနေတဲ့ဟာကို ကျနော်တို့ပါတီအနေနဲ့ ဦးဆောင်တည်ဆောက်သွားမယ်လို့ ကတိကဝတ်ပေးချင်ပါတယ်။

KNG – ဆရာတို့ပါတီမှာ အမျိုးသမီးပါဝင်မူ အခန်းကဏ္ဍက ရာခိုင်နူန်းဘယ်လောက်ရှိလဲ။
LNUDP – ပါတီမှာ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍကတော့ ၃၀ရာခိုင်နူန်း ဖြစ်တယ်။
ကျနော်တို့အနေနဲ့လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ အမျိုးသမီးမပါဝင်နိုင်ပေမယ့် ပါတီမြို့နယ်အဆင့်မှာတော့အမျိုးသမီးတွေ ပါဝင်ပါတယ်။

Show More

Related Articles

Back to top button