ရွေးကောက်ပွဲဆိုင်ရာသတင်း

ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်နယ်အခြေစိုက် ပေါင်းစည်းပါတီ လူငယ်အဖွဲ့များ တွေ့ဆုံ

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရေးဆွဲနိုင်ရန် တိုင်းရင်းသား မိတ်ဖက်ပြည်နယ်အခြေစိုက်ပါတီ ၅ ပါတီမှ လူငယ်များတွေ့ဆုံကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ရုံးခန်းတွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။

တိုင်းရင်းသား မိတ်ဖက်ပါတီ ၅ပါတီမှ လူငယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကာ အဓိကအားဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရန်ဖြစ်ပြီး ဇူလိုင်လ ၂၉-၃၀ ရက်နေ့တွင် ကျင်းပခဲ့ကြကြောင်း KSPP ပါတီမှ လူငယ်ရေးရာတာဝန်ခံ ဦးနော်ခုန့်က ပြောသည်။

“ဒီနေ့ကျနော်တို့ မပါရင် ဘယ်သူမှအစိုးရမဖြစ်နိုင်ဘူး။ အရင်ကတည်းကလည်း အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကျနော်တို့ပြည်နယ်ရဲ့ မဲပါလို့ဖွဲ့နိုင်တာ။ တိုင်းဒေသကြီးကမဲနဲ့ဘဲ အစိုးရဖွဲ့ဖို့ ဆိုတာ ၄၅ ရာခိုင်နှုန်းဘဲရှိတဲ့အတွက် မလောက်ဘူး။ လွန်ခဲ့တဲ့ရွေးကောက်ပွဲ ၂ကြိမ်ဖြတ်သန်းခဲ့တုန်းကလည်း ဒီတိုင်းဘဲဖြစ်တယ်။ အဲကြောင့် အဓိကတော့ ပါတီတစ်ခုထဲနဲ့ ပြည်နယ်ရဲ့မဲမပါဘဲနဲ့ ဘယ်လိုမှ အစိုးရမဖွဲ့နိုင်ဘူးဆိုတာ ပထမတစ်ချက်အနေနဲ့ သိစေချင်တယ်။ နောက်တစ်ချက်က ကိုယ့်ပြည်နယ်မှာဘယ်လိုမဲနိုင်အောင်လုပ်မယ်ဆိုတာကို အချင်းချင်းဖလှယ်ကြမယ်။ ပြီးတော့ အားလုံးပူးပေါင်းလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကိုလည်း ရေးဆွဲသွားမှာဖြစ်တယ်။” ဟု ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ မွန်ညီညွှတ်ရေးပါတီ MUP၊ ချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီCNLD၊ ကယားဒီမိုကရက်တစ်ပါတီ KSDP၊ စသည့် ပြည်နယ်အခြေစိုက်သည့် တိုင်းရင်းသားမိတ်ဖက် ၅ပါတီမှ လူငယ်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ထပ် ရခိုင်ပါတီနဲ့မူ ပြည်နယ်အခြေစိုက်အဖြစ်မဟုတ်ဘဲ မဟာမိတ်ပါတီအနေဖြင့် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှ ၂၀၁၅ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်နယ်အသီးသီးမှ လူငယ်များ တစ်ခဲနက်အားပေးဝန်းရံခဲ့ကြသော်လည်း ပေးထားသည့် ကတိကဝတ်များ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် တိုင်းရင်းသားလူငယ်များအနေဖြင့်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန်လိုအပ်သည်ဟု သိမြင်လာသည့်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး တွေ့ဆုံခြင်းဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ လူငယ်တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“ကျမတို့က လက်ရှိနိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ ဒီမိုကရေစီအစိုးရတက်လာပြီးနောက်ပိုင်း ကျမတို့ရဲ့မျှော်လင့်ချက်တွေ အများကြီးရှိတယ် ဝန်းရံခဲ့တယ် မဲပေးခဲ့တယ်။ အဲဒီထဲမှာလူငယ်တွေများကြီးရှေ့တန်းကနေ ပါဝင်ခဲ့တယ်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူငယ်တွေနိုင်ငံရေးမှာ ပိုပြီးစိတ်ဝင်စားလာကြတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိအာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲကတိကဝတ်တွေ အကောင်ထည်မဖော်နိုင်တဲ့ဟာတွေရှိတဲ့အတွက် ကျမတို့တိုင်းရင်းသားပြည်နယ်အခြေစိုက်ပါတီတွေအနေနဲ့ အားမလို အားမရဖြစ်တာတော့အမှန်ဘဲ။ အဲကြောင့်လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ရမယ်။ ကိုယ့်တိုင်းရင်းသားပါတီတွေ ပြည်နယ်အခြေစိုက်ပါတီတွေ အားကောင်းလာရမယ်ဆိုတာ မြင်လာတဲ့အတွက် ကျမတို့လူငယ်တွေအနေနဲ့လည်း လာမယ့် ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ခုလိုတွေ့ဆုံဆွေးနွေးရခြင်းဖြစ်တယ်။” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လူငယ်တာဝန်ခံ မိုင်မွန်ဒီဆန်း က ပြောသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူငယ်များအနေဖြင့် ဘက်စုံကူညီပေးသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တိုင်းရင်းသားမိတ်ဖက်ပါတီများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် များသည် ပြည်နယ်အခြေစိုက်ပေါင်းစည်းပါတီများဖြစ်သည့်အတွက် တွေ့ဆုံနိုင်သော်လည်း ရှမ်းနဲ့ရခိုင်မူ ပြည်နယ်အခြေစိုက်မရှိသည့်အတွက် State to Party အနေဖြင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KSPP မှ လူငယ်ရေးရာတာဝန်ခံ ဦးနော်ခုန့်က ဆက်လက်ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲပေးနိုင်သည့် မဲဆန္ဒရှင် ၃၅ သန်းရှိခဲ့သည်။ သို့သော်၂၀၂၀ရွေးကောက်ပွဲတွင်မူ အသက် ၁၈နှစ်ပြည့်မည့် လူငယ်များ ၅သန်းရှိနေသည့်တွက် စုစုပေါင်း မဲပေးနိုင်သည့် မဲဆန္ဒရှင်သည် သန်း ၄၀ ရှိမည်ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button