မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

သစ်ထုတ်လုပ်မှုကြောင့် မြစ်ဆုံဒေသခံများ သောက်သုံးရေအတွက် အခက်အခဲဖြစ်လာ

မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံဒေသ တန်ဖရဲကျေးရွာဒေသခံများ သောက်သုံးနေသည့် တောင်ကျချောင်းတစ်လျှောက် သစ်ထုတ်လုပ်မှုများကြောင့်ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန်ခက်ခဲလာသည်ဟု ဒေသခံများဆိုသည်။

အင်ခိုင်ဘွမ်တောင်ခြေအောက်တွင် စီးဆင်းနေသော ခကန်ခ (Hka Kan Hka) တောင်ကျချောင်း အနီးတဝိုက်ရှိ သစ်များကို လုပ်ငန်းရှင်တချို့ကခုတ်ထွင်မှုများရှိခဲ့သောကြောင့် ကျေးရွာအတွက်သောက်ရေဖြစ်သော သဘာဝချောင်းရေကို ဖျက်စီးလာနေသည်ဟု တန်ဖရဲကျေးရွာ၏ ခရစ်ယာန် ကတ်သလစ်ဘုန်းတော်ကြီး ဖာသာရ်ဆွတ်အောင် က ပြောသည်။

“ဒီနှစ်မှာက ကျေးရွာအတွင်းရေအခက်အခဲရှိလာတယ်။ အရင်တုန်းကလိုမဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ချောင်းရဲ့ အထက်ဘက်မှာ နှစ်တိုင်းသစ်များကို ဖြတ်ခုတ်တာတွေပြုလုပ်နေတယ်။ အဲ့ဒီသစ်တွေကို ချောင်းအလယ် က ဖြတ်ပြီး ထုတ်ယူကြတယ်။ အဲ့လိုလုပ်တော့ ရေတွေနှောက်လာတယ်။ တစ်ခါတစ်လေကျရင် ရွံ့ရေတွေသုံးရတယ်။ ကိုယ်တိုင်သုံးဖို့ဆို ၂ခေါက်လောက် ရေပြန်စစ်ရတယ်။ အခုမိုးတွင်းမှာတောင် ကျေးရွာအတွင်းရေပြဿနာတွေရှိနေပြီ။ လာမယ့်နွေရာသီဆိုရင် ဘယ်လိုလုပ်ကြမလဲ ပိုခက်ခဲလာဖို့ပဲ ရှိတယ်” ဟု ပြောဆိုသည်။

အဆိုပါ ခကန်ခ ချောင်း၏ ချောင်းတဝိုက်အနီးမှာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် တစ်ဦးပိုင် လုပ်ငန်းရှင်အများက စီမံကိန်းဆောင်ရွက်နေခြင်းနှင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများလည်းရှိနေကြောင်း ဆက်လက်ပြောဆိုသည်။

“လုပ်ငန်းရှင်တစ်ဦးက ရေယူနေတဲ့ အနီးမှာ သူရဲ့စီမံကိန်းအတွက် မြေဖို့တာတွေလုပ်နေတယ်။ အဲ့လိုလုပ်တော့ မိုးရွာတဲ့အခါမှာ ချောင်းထဲစီးဝင်လာတော့ ရေတွေနှောက်တယ်။ နောက်အဲ့မှာဘဲ ဒေသခံညီကို တစ်ဦးကလည်း ကျွဲ၊ နွား၊ ဆိတ်ကအစ အိမ်မွေးတိရိစ္ဆာန်လုပ်ငန်းတွေ မွေးမြူရေးလုပ်နေတယ်။ အဲ့လိုလုပ်တော့ ချောင်းညစ်ရမ်းမှုတွေဖြစ်တယ်။ အခုဆိုရင် ချောင်းရေလမ်းလည်း အရင်တုန်းကထက်ပိုပြီး ကျဉ်းသွားပြီ။ ဒါကြောင့် ဆက်မလုပ်ဆောင်ပေးဖို့ တောင်းဆိုချင်တယ်” ဟုဆိုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင်း ယခင်စစ်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် တန်ဖရဲဒေသခံများကို အောင်မြင်သာကျေးရွာသို့ အတင်းပြောင်းရွေ့ခဲ့သည်။ သို့သော်လည်း စီးပွားရေးအသက်မွေးဝမ်းကြောင်းအတွက် တန်ဖရဲကျေးရွာသို့ ပြန်လာကာ လုပ်ကိုင်စားသောက်နေသည်မှာ လက်ရှိအချိန် အိမ်ထောင်စု ၇၀ ကျော်ခန့်ရှိနေသည်။

ထို့အပြင် မြစ်ဆုံဒေသ လာရောက်အပန်းဖြေသောသူများကို ဈေးရောင်းသည့်ဈေးသည်များနှင့် ဒေသခံများအားလုံးသည် အဆိုပါတောင်ကျချောင်းရေကိုသာ မှီခိုပြီး နေထိုင်ကြရသည်ဟု သိရသည်။

ဒေသခံပြည်သူများအသုံးပြုနေသည့် သောက်ရေ၏ ချောင်းဖျားပိုင်းတွင် သစ်တောပြုန်တီးမှုများဖြစ်စေပြီး ရေအရင်းအမြစ် ကုန်ခမ်းသွားမည်ကို စိုးရိမ်ကြောင်း တန်ဖရဲဒေသခံ ဦးနန်အောင် က ပြောသည်။

“ချောင်းအနီးတစ်ဝိုက်မှာ နွေရာသီတုန်းက သစ်ခုတ်တာတွေ အနည်းအကျဉ်းက မြင်တွေ့ရတယ်။ သိပ်မပြောရဲဘူး။ ဒါပေမယ့် အဲလိုပုံမှန်လုပ်နေရင် ချောင်းရေတွေ ခမ်းသွားမှာ စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေက ဒီချောင်းတစ်ခုတည်းကိုဘဲ အသုံးပြုနေတာ ဖြစ်တယ်” ဟု ပြောဆိုသည်။

တန်ဖရဲကျေးရွာအတွက် အဆိုပါ ရေလှောင်ကန်ကို ကနဦး UNICEF က ဆောက်လုပ်ပေးခဲ့ပြီး နောက်ပိုင်းမှ ကျေးရွာဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ပေါင်းကူးအဖွဲ့ က ပြန်ဆောက်ထားပေးသည်ဟု ဆိုသည်။

Show More

Related Articles

Back to top button