Covid-19 Reportingသတင်း

Covid-19 ကြောင့် ကျောက်မျက်ရတနာများ ထက်ဝက်ဈေးဖြင့် ရောင်းချနေရ

Covid-19 ကပ်ရောဂါကြောင့် ကချင်ပြည်နယ်ရှိ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းများသည် ယခင်ထက် ဈေးနှုန်းထက်ဝက်ချကာ ရောင်းချနေရသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

မြစ်ကြီးနားမြို့ ဒေသထွက်ကုန်အရောင်းစင်တာများတွင် လာရောက်ကြည့်ရှု့သည့် လူဦးရေ လျော့နည်းသွားပြီး အရှုံးနှင့်ရင်ဆိုင်လာရကြောင်း အဆိုပါနေရာတွင် ကျောက်ပယင်းအရောင်း ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်တင်တင်နွယ်က ယခုလို ပြောဆိုသည်။

“ကျမတို့အစ ကိုဗစ်မဖြစ်ခင်တုန်းကတော့ အနယ်အရပ်ရပ်က ခရီးသွားလာရေးအဖွဲ့တွေရှိကြတယ်။ သူတို့အနေနဲ့ ကချင်ပြည်နယ်ကို လာရောက်တဲ့အခါမှာတော့ အသင့်သင့်ရောင်းရတယ်။ အခုကိုဗစ်ဖြစ်တဲ့နောက်ပိုင်း ခရီးသွားလာရေး တွေကိုပိတ်လိုက်တယ်ဆိုတော့ လူတွေတိတ်ဆိတ်သွားတာဘဲ။ ဘယ်စင်တာမှာလည်း လူမရှိဘူး။ ဒီဈေးနှုန်းပိုင်းမှာလည်း ကိုဗစ်မဖြစ်ခင်တုန်းက ၅သောင်းရောင်းလို့ရတဲ့ပစ္စည်းတွေကို အခုမရတော့ဘူး။ အခုဆို ၂သောင်းလောက်အထိလျော့ပြီး ရောင်းနေရတယ်။ ကြာလာတော့ ဆိုင်ခန်းဈေးတွေနဲ့ဆို အရှုံးပေါ်လာနိုင်တယ်” ဟု ပြောဆိုသည်။

မြစ်ကြီးနား စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် ကျောက်မျက်အရောင်းဌာနတွင်လည်း ဝယ်လက်အလွန်နည်းနေသည့်အပြင် ဈေးကွက်လည်း ကျဆင်းနေကြောင်း ကချင်ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးရိတ်နန့်ဇေလွမ်း က ပြောဆိုသည်။

“အဓိကတော့ ကိုဗစ်ကြောင့်ပြောလို့ရမှာပေါ့။ အခုဆိုရင်ကျောက်မျက်ဈေးကွက်တွေက ၄၀ရာခိုင်နှုန်း လောက်ကျ သွားတယ်။ အရင်တုန်းက သိန်းတစ်ရာလောက်ရတဲ့ ပစ္စည်းတွေဆိုရင် အခုဆို သိန်း ၆၀၊ ၅၀လောက် ဘဲရတော့တယ်။ ပြီးရင်လာဝယ်တဲ့ ဝယ်လက်လည်း အလွန်နည်းသွားတယ်။ အရင်တုန်းကတော့ နိုင်ငံခြားသားတွေလည်း လာဝယ်ကြ တာပေါ့။ ပြည်တွင်းအထဲကဘဲ လာကြည့်ကြတယ်။ အဲ့တော့ ဝယ်နှုန်းအားလည်း ၄၀ရာခိုင်နှုန်းကျသွားတာပေါ့။ ” ဟု ပြောသည်။

ကျောက်မျက်လုပ်ငန်းရှင်များအသင်းအနေနှင့် ကျောက်မျက်ဈေးကွက်ကို ပြည်တွင်းဈေးကွက်ဖြစ်ထွန်းရန်အတွက်နှင့် ဒေသခံပြည်သူများ လုပ်ငန်းအခွင့်အလမ်းများ ပိုမိုရရှိလာအောင် လုပ်ဆောင်ပေးသင့်ကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ်၏ ကျောက်မျက်လုပ်ငန်းသည် ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် တရုတ်နိုင်ငံအပေါ် မှီခိုနေခြင်းဖြစ်ကာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် Covid-19 ဖြစ်ပွားလာပြီးနောက် နယ်စပ်ဂိတ်များကို တရုတ်ဘက်က အဝင်အထွက် ပိတ်ခဲ့သည်။

လွန်ခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သော တတိယအကြိမ် ကျောက်မျက်အရောင်းပြပွဲတွင်လည်း တရုတ်နိုင်ငံသားများ လာရောက်မှု အနည်နည်းပါးခဲ့သည်ကို တွေ့ရသည်။

 

Show More

Related Articles

Back to top button