ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီစဉ် ပါဝင်မည် မဟုတ်

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများဟောပြောခြင်းအစီစဉ်တွင် ပါဝင်တော့မည် မဟုတ်ကြောင်း ပါတီတာဝန်ခံများထံမှ သိရသည်။

အဘယ့်ကြောင့်ဆိုသော် ပါတီ၏ဟောပြောရန်စီစဉ်ထားသည့်စာသားတွင် ဖြည့်စွက်ပြင်ဆင်ပေးရန် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုမှုများရှိသောကြောင့် ပါဝင်ခြင်းမပြုတော့တာဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဗဟိုလူငယ်တာဝန်ခံ ဦးနော်ခုန့် က ယခုလို ပြောသည်။

“ကျနော်တို့ကတော့ ကျနော်တို့ရဲ့ပါတီ Page ကနေပြီးဘဲလွှင့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဖြတ်ပေးလိုက်တာတွေ မကြိုက်လို့။ ကျနော်တို့က ပြည်နယ်အခြေစိုက်ဖြစ်တဲ့ပါတီဖြစ်တယ်။ ကျနော်တို့က ပြည်နယ်မှထွက်ရှိတဲ့သယံဇာတများကို ပြည်နယ်သားများ အပြည့်အဝခံစားရရှိနိုင်ရေးဆိုတာကို သူတို့က ပြည်နယ်သားများနှင့် နိုင်ငံသားများဆိုပြီး ထည့်ခိုင်းစေချင်တယ်။ ကျနော်တို့က နိုင်ငံသားများဆိုတာကို မထည့်ခိုင်းစေချင်ဘူး။ အဲကြောင့် ကျနော်တို့နိုင်ငံပိုင်ရုပ်သံကို ထပ်မပို့တော့ဘူး။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ လူငယ်တာဝန်ခံ ဦးနော်ခုန့်က ဆိုသည်။

သဘာဝသယံဇာတအကျိုးအမြတ်ကို ကချင်ပြည်နယ်သားများ အပြည့်အဝခံစားရရှိနိုင်ရေး ဆိုသည့်အကြောင်းအရာတွင် နိုင်ငံသားများ ထပ်ထည့်စေသည့်အတွက်ဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်နယ်ကိုအခြေခံထားသည့် ပါတီဖြစ်ကာ ပါတီ၏မူဝါဒတွင်လည်း ပြည်နယ်သားများ၏ အခွင့်အရေးကို အဓိကထားချမှတ်ထားသည့်အတွက် ယခုကဲ့သို့ ဆင်ဆာဖြတ်ခြင်းကို အလိုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံရေးပါတီများအား နိုင်ငံပိုင်ရုပ်သံဌာနဖြစ်သည့် MRTV မှ မဲဆွယ်ဟောပြောခြင်းလုပ်ငန်းများကို စက်တင်ဘာလမှ စတင်ခဲ့သည်။

နိုင်ငံရေးပါတီအချို့၏ ဟောပြောချက်များ ဆင်ဆာဖြတ်ခံရသည်ဟုဆိုသော်လည်း ကချင်ပြည်နယ်ရှိ ပါတီအချို့က ဆင်ဆာဖြတ်ခြင်းမခံရကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“ပထမကတော့ နေပြည်တော်မှာရုပ်သံသွင်းဖို့ဆိုပြီးခေါ်တယ်။ ဒါပေမယ့် ကိုဗစ်အခြေနေကြောင့်မသွားနိုင်တဲ့ချိန်ကျတော့ ဒီကဘဲ ရိုက်ပို့လိုက်တယ်။ ရိုက်ပို့တဲ့ခါမှာကျနော်တို့က မြန်မာနဲ့လီဆူ ၂ဘာသာ ပြောဖို့ ဒါပေမယ့် အရေးပေါ်ဖြစ်လို့ မြန်မာနဲ့ဘဲပို့လိုက်တယ်။ ကျနော်တို့ပါတီမှာတော့တစ်ခြားဆင်ဆာဖြတ်တာတွေတော့ မရှိပါဘူး။” ဟု ဦးရွှေမင်းက ပြောသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၏ မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများမှ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးဖွံ့ဖြိုးရေးပါတီ LNUDP ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့ကလည်း ၎င်းတို့၏ဟောပြောချက်ကို MRTV တွင် ထုတ်လွင့်ခဲ့ပြီ ဖြစ်သည်။

လက်ရှိချိန်ထိ နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများ၏ ဟောပြောသည့်အစီစဉ်တွင် ပါတီ ၅၀ ကျော်ပါဝင်ထားပြီဟု သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည့်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)၊ လူ့ဘောင်သစ် ပါတီ ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီတို့ကလည်း ဆင်ဆာဖြတ်တောက်ခံခဲ့ရသည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာများမှ သိရသည်။

မြန်မာနိုင်ငံတွင်လက်ရှိ နိုင်ငံရေးပါတီ ၉၀ကျော်ရှိပြီး ယင်းပါတီများထဲမှ နိုင်ငံရေးပါတီပေါင်း ၇၀ ကျော်က တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ကျန်ပါတီများက တိုင်းဒေသကြီးပြည်နယ်အလိုက်ယှဉ်ပြိုင်မည့်ပါတီများ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

နိုင်ငံရေးပါတီများမှ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်လောင်းဦးရေ ၁၈၆၃ ဦး၊ တစ်သီးပုဂ္ဂ လ ၇၁ ဦး စုစုပေါင်း ၁၉၃၄နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၉၄၇ ဦး၊ တစ်သီးပုဂ္ဂလ ၂၉ ဦး ပေါင်း ၉၇၆ ဦး၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇၀၀ ဦး တစ်သီးပုဂ္ဂလ ၁၄၇ ဦး စုစုပေါင်း ၃၈၄၇ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၁၇၆ ဦ်း တစ်သီးပုဂ္ဂလ ၁၂၂ ဦး စုစုပေါင်း ၁၂၂ ဦး ရှိပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ဦးရေ ၆၉၆၉ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စက်တင်ဘာလ ၄ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းခန့်ရှိသည်။

Show More

Related Articles

Back to top button