ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်တစ်ပြည်နယ်လုံးတွင် ရွေ့ပြောင်းမဲစာရင်း ၃ သောင်းကျော်ထပ်တိုး၊ ဖားကန့်အများဆုံးဖြစ်

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပုံစံ ၃(က) လာရောက်လျှောက်ထားသည့် မဲဆန္ဒရှင်စာရင်း ၃ သောင်းကျော်ရှိပြီး အများဆုံးမှာ ဖားကန့်မြို့နယ်မှ ဖြစ်သည်ဟု သိရသည်။

“တစ်ပြည်နယ်လုံးမှာ ပုံစံ ၃(က)တဲ့ စာရင်းက ၃၇၅၉၆ ထပ်တိုးလာတယ်။ အဲဒီထဲမှာမှ ဖားကန့်က ၁၀၄၂၃ ဒုတိယက ဝိုင်းမော်မြို့နယ် ၈၆၆၃ ၊ တတိယက မြစ်ကြီးနားမြို့နယ် ၇၃၅၉ ထပ်တိုးတယ်။ ကျန်တဲ့ မြို့နယ်မှာတော့ အနည်းအကျဉ်းတိုးတယ်။ ပုံစံ ၃ နဲ့တိုးတာ ပုံစံ ၄နဲ့ပယ်ဖျက်တာတွေတော့ အဲစာရင်းတွေကတော့ မစုံသေးတဲ့အတွက်ပြောလို့မရသေးဘူး။ တစ်ချို့ လမ်းပန်းဆက်သွယ်ရေးကြောင့် မရောက်လာသေးတာရှိတယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။

၂၀၂၀ရွေးကောက်ပွဲအတွက် မဲစာရင်းကြေညာခြင်းကို အောက်တိုဘာလ ၁၄နေ့ နောက်ဆုံးကြေညာခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် မဲဆန္ဒရှင်ဦးရေ မည်မျှထပ်တိုးလာကြောင်း လက်ရှိချိန်တွင် စာရင်းပြုစုနေဆဲဖြစ်သည့်အတွက် တိတိကျကျပြောရန် ခက်ခဲကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ပုံစံ ၃ (က)အား ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်ပုဒ်မ ၁၀ (က)အရ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲဆန္ဒနယ်ပြင်ပတွင် ရက်ပေါင်း (၉၀) နေထိုင်ရုံဖြင့် ယင်းဒေသကိုယ်စားပြု ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင်ပြဌာန်းထားသည်။ ယင်းနည်းဥပဒေပြင်ဆင်ချက်အား ၂၀၂၀ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ အတည်ပြုချက်အား တိုင်းရင်းသားပါတီများက လက်မခံနိုင်သည့်တွက် ကန့်ကွက်မူများ ပြုလုပ်ခဲ့ကြသည်။

“ဒီရွှေ့ပြောင်းကိစ္စကို ကျနော်တို့ ကန့်ကွက်နေတဲ့ကြားက ကြံံ့ခိုင်ရေးအစိုးရက ၂၀၂၀လုပ်လာတယ် အဲဒါကို NLD ကလည်း အလိုက်သိ သူတို့မဲရဖို့ အတည်ပြုဖြစ်အောင်ပြုပေးတယ်။ ဆိုတော့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းခံနေရတယ်လေ။ တိုင်းရင်းဒေသမှာ ဒီရွှေ့ပြောင်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဂျန်မာနောင်လတ်ကပြောသည်။

ဖားကန့်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားများထက် ရွှေ့ပြောင်းလုပ်သားများပိုများနေပြီး အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရ ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း ၂၀၂၀ ရွေးကောက်ပွဲတွက် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၁သိန်းနီးပါးရှိပြီး မဲရုံပေါင်း ၉၁၈ ရုံရှိကာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ပါတီရှိသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ်တွင် မဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းသည် ၈သိန်းကျော်သာရှိခဲ့ပြီး စုစုပေါင်းမဲရုံသည်လည်း ၈၁၃ သာရှိခဲ့သည်။

Show More

Related Articles

Back to top button