ရွေးကောက်ပွဲဆိုင်ရာသတင်း

Covid-19 ကြောင့် ဖားကန့်တွင် မဲရုံထပ်တိုးပေးရန် တောင်းဆို

ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်တွင်းရှိ ဗလခကျေးရွာမှ ဒေသခံများအား မဲရုံသီးသန့်ထားရှိပေးရန်တောင်းဆိုထားကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။

မဲရုံအမှတ် ၁၀၁ ဖြစ်သော ဗလခကျေးရွာနှင့်တောင်ပြိုကျေးရွာသည် မဲရုံတစ်ရုံသာရှိပြီး ဗလခကျေးရွာမှ ပြည်သူများသည် လက်ရှိ ဖားကန့်တွင် Covid-19 ပိုးတွေ့အများဆုံးဖြစ်သော တောင်ပြိုအထိ မဲသွားပေးရန်အဆင်မပြေသည့်အတွက် တောင်းဆိုထားကြခြင်းဖြစ်ကြောင်း ဆိုသည်။

“ မဲရုံ ၁၀၁မှာကျတော့ တောင်ပြိုနဲ့ဗလခကျေးရွာ ၂ရွာက မဲရုံတစ်ရုံထဲမှာဘဲ မဲပေါင်းပေးရမှာဖြစ်။ ဒါပေမယ့် တောင်ပြိုကျေးရွာကကျတော့ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့အတွက် Lockdown ချထားတဲ့ရွာဖြစ်တယ်။ ပိုးတွေ့လူနာလည်း ၄၀ကျော်တွေ့ခဲ့တဲ့ရွာဖြစ်တဲ့အတွက် ဗလခ ရွာသားတွေက မဲသွားပေးဖို့ကို စိုးရိမ်တဲ့အခြေနေရှိနေကြတယ်။ ပြီးတော့ ရောဂါကူးစက်မူလည်းမဖြစ်အောင်ပြီးတော့ လက်ရှိချိန်ထိတောင်ပြိုက ဝင်လို့မရသေးတဲ့အခြေနေဖြစ်နေတဲ့တွက် ဗလခရွာက မဲရံတစ်ရုံခွဲပေးပါဆိုပြီးတောာင်းဆိုလာကြတယ် အဲကြောင့်ကျနော်တို့လည်း တင်ပြထားဆဲဖြစ်တယ်။” ဟု မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေနည်းနေသေးသည့်အတွက် တောင်ပြိုရွာနှင့်ဗလခကျေးရွာသည် မော့မောင်းရွာရှိမဲရုံသို့ သွားပေးရသော်လည်း လာမည့် ၂၀၂၀ ခုနှစ်သည် လူဦးထပ်တိုးလာသည့်အတွက် တောင်ပြိုနှင့်ဗလခကျေးရွာအား မဲရုံတစ်ရုံတွင်သာပေါင်းပေးရန် ခွဲထုတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ကျန်းမာရေးအခြေနေအရ ဒေသခံများရောဂါကူးစက်မူမရိစေရန်အတွက် မဲရုံတစ်ရုံထပ်တိုးပေးရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြထားခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးအောင်ကျော်သူကပြောသည်။

လက်ရှိတောင်ပြိုကျေးရွာသည် မဲပေးပိုင်ခွင့်မဲဆန္ဒရှင် ၈၀၀ကျော်ခန့်ရှိပြီး ဗလခကျေးရွာသည် ၁၃၀၀ ခန့်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)သို့ မေးမြန်းရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြထားကြောင်း ပြောသည်။

“ဒီဗလခကျေးရွာက တောင်းဆိုချက်ကို ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားဆဲဖြစ်တယ်။ ခုလောလောဆယ်တော့ ကချင်ပြည်နယ်မှာ မဲရုံပေါင်း ၉၁၈ ရုံရှိတယ်။ အဲမဲရုံထပ်တိုးလာရင်တော့ ၉၂၀ ရှိမယ်။” ဟု ကချင်ပြည်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

ကချင်ပြည်နယ်တွင်အောက်တိုဘာလ ၁၆ ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၈၅ ဦးထိရှိလာပြီး ဖားကန့်မြို့နယ်တွင် ၅၅ ဦးပါဝင်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် Covid-19 ကပ်ရောဂါကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရန် စိုးရိမ်မူများစွာရှိနေကြသည်။

ဖားကန့်မြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၁သိန်း ၈သောင်းကျော်ရှိကာ မဲရုံပေါင်း ၁၀၄ ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၆ပါတီရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ကချင်ပြည်နယ်တွင်လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁သိန်းနီးပါးရှိပြီး မဲရုံ ၉၁၈ ရုံရှိသည်။

Show More

Related Articles

Back to top button