ရွေးကောက်ပွဲဆိုင်ရာသတင်း

ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ နေရာကို ပါတီတစ်ခုထဲ တာဝန်ယူခြင်းမပြုရန် တင်ပြ

ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ နေရာများကို ပါတီတစ်ခုထဲကပဲ တာဝန်ယူခြင်းမဟုတ်ဘဲ ပါတီခြားမှခန့်အပ်ပေးရန် ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ NLD ပါတီနှင့် တိုင်းရင်းသားအနိုင်ရကိုယ်စားလှယ်များတွေ့ဆုံရာတွင် တင်ပြခဲ့သည်ဟု သိရသည်။

ဖက်ဒရယ်စနစ်အတွက် အရေးပါသော ဥပဒေပြုမှုနှင့် အုပ်ချုပ်မှုအာဏာကို သီးခြားခွဲထားသင့်ကြောင်း KSPP ပါတီမှ အနိုင်ရ ကိုယ်စားလှယ်နှင့် ပါတီဥက္ကဌ ဖြစ်သူ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

“ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်ရေး အာဏာ ဆိုတာရှိတယ် ဖက်ဒရယ်ပေါ်မှာ။ အဲဒီမှာ အဓိကတော့ ဥပဒေပြုမှုအာဏာနှင့် အုပ်ချုပ်မှုအာဏာက လက်တွေ့မှာ တကယ်အရေးကြီးပါတယ်။ ဒီ ၂ ခုက အာဏာချိန်ခွင့်လျှာညှိရတယ်။ ဒါကြောင့် ဒီဟာကို တာဝန်ယူတဲ့အပိုင်းမှာ သီးခြားပါတီ တစ်ခုခုက တာဝန်ယူတာကောင်တယ်။ ပါတီတစ်ခုတည်းယူတာကမကောင်းဘူး။ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေက ပါတီခွဲဖို့ အမြင်တင်ပြလိုက်တာပေါ့။ ကျန်တာကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားဖို့ပေါ့။” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကချင်ပြည်နယ်ရုံးချုပ်တွင် ယနေ့ တွေ့ဆုံရာ NLD ပါတီမှ ၃ ဦးကော်မတီဖြစ်သော ဒေါက်တာအောင်မိုးညို၊ နန်းခင်ထွေးမြင့် နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ အပြင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် လွှတ်တော်ဥက္ကဌ တို့လည်း တက်ရောက်ခဲ့သည်။

၃ ဦးကော်မတီ အဖွဲ့ခေါင်းဆောင်ဖြစ်သော ဒေါက်တာအောင်မိုးညိုကလည်း ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ယခုလိုပြောသည်။

“တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့ ဖက်ဒရယ်ကိစ္စတို့ တန်းတူညီမျှမှုတို့ အဲဒါတွေပြောတယ်။ နောက်တစ်ခါ အစိုးရတို့ လွှတ်တော်တို့မှာ checks and balances ကောင်းအောင်လို့ တိုင်းရင်းသားပါတီတွေကိုလည်း နေရာပေးစေချင်တယ် အဲဒါတွေပြောတာပါ။” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ တိုင်းနှင့်ပြည်နယ်လွှတ်တော် ဥက္ကဌနေရာအများစုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပဲ နေရာရယူထားသည်။

ကချင်ပြည်နယ်တွင် အနိုင်ရတိုင်းရင်းသားကိုယ်စားလှယ် ၁၀ ဦးရှိသော်လည်း ယနေ့တွေ့ဆုံပွဲတွင် KSPP ပါတီမှ ၃ ဦး၊ ဒူလေးပါတီ မှ ၂ ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ၁ ဦးတို့သာ တက်ရောက်ခဲ့သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဟုဆိုသော်လည်း ယခုပထမအကြိမ် ကချင်ပြည်နယ်ခရီးစဉ်တွင် party to party တွေ့ဆုံခြင်းမဟုတ်ဘဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့်သာ တွေ့ဆုံခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီအနေဖြင့် ယနေ့တွေ့ဆုံမှုမှာ ပါတီ၏ ကိုယ်စားပြုမှုမဟုတ်ဘဲ အနိုင်ရ ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုထားသည်။

Show More

Related Articles

Back to top button