စစ်ပြေးဒုက္ခသည်များမြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရှဒူးဇွပ်စစ်ရှောင်များပြောင်းရွေ့နေထိုင်ရန် မြေနေရာအတွက် သစ်တောဌာနသို့ စာတင်ပြသွားမည်

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ KBC စစ်ရှောင်များရွှေ့ပြောင်းအခြေချရန်စီစဉ်နေသော မြေနေရာသည် ယုဇနကုမ္ပဏီပိုင်မဟုတ်ပဲ သစ်တောဌာနပိုင်မြေနေရာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့ သစ်တောအဖွဲ့မှ လာရောက်ကန့်ကွက်ခဲ့သည်ဟု စစ်ရှောင်များပြောသည်။

အောင်ရာကျေးရွာ အနောက်ဘက်ခြမ်းမြေနေရာများကို ယုဇနကုမ္ပဏီက ၎င်းတို့၏ မြေနေရာဖြစ်ကြောင်းပြောဆိုမှုရှိခဲ့သောကြောင့် စစ်ရှောင်တာဝန်ခံများက ယုဇနကုမ္ပဏီထံမှ မြေ ၈ ဧကခန့်တောင်းဆိုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ စစ်ရှောင်တွေ ကိုယ်တိုင်လည်း ယုဇနကုမ္ပဏီရဲ့ မြေနေရာလို့ပဲ ထင်ခဲ့တယ်။ အဲ့ကြောင့် ဒီမြေနေရာရဖို့ ယုဇနကုမ္ပဏီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ယုဇနကုမ္ပဏီကလည်း ဒီနှစ်မှ စစ်ရှောင်တွေနေဖို့ ခွင့်ပြုချက်ပေးခဲ့ တယ်။ အခုစစ်ရှောင်တွေနေဖို့ မြေနေရာရှင်းလင်းရေးလုပ်ဖို့ စီစဉ်နေတဲ့အချိန်မှ သစ်တောဘက်က ယုဇနကုမ္ပဏီနဲ့ ကင်းလွတ်တဲ့ မြေနေရာဖြစ်တယ်လို့ လာရောက်တိုင်းတာ ရှင်းပြခဲ့တယ်။ အစတုန်းကတော့ သစ်တောဘက်ကလည်း လုံးဝကန့်ကွက်ဖို့ရှိမယ်ထင်တယ်။ ကျနော်တို့ စစ်ရှောင်တွေရဲ့ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ပြန်ပြီးရှင်းပြခဲ့တယ်။ နောက်ပိုင်းသူတို့က မလုပ်နဲ့ဆိုပြီး ရပ်ဆိုင်းခိုင်းတာတော့မရှိဘူး။ လုပ်မယ်ဆိုရင်လည်း မြို့နယ်ကို စာပြန်တင်ဖို့ နဲ့ သက်ဆိုင်ရာ သစ်တောဌာနကို စာတင်ပြအကြောင်းကြားဖို့ ပြောဆိုခဲ့တယ်”ဟု ရှဒူးဇွပ်စစ်ရှောင်စခန်းတာဝန်ခံ ဦးထွယ်အောင်က ပြောဆိုသည်။

ရှဒူးဇွပ်စစ်ရှောင်များသည် နှစ်စဉ်ရေကြီးရေလျံမှုဒဏ်ကို ကြုံတွေ့နေရသောကြောင့် လာမည့်မိုးအတွင်းအမှီ မြေနေရာအသစ်ကိုအမြန်ပြောင်းရွေ့ရန်အတွက် ယုဇနကုမ္ပဏီထံတောင်ဆိုခဲ့ရာ၊ ယခုနောက်ဆုံးမှ သစ်တောမြေနေရာဖြစ်နေကြောင်းသိခဲ့ရသည်ဟု ဆိုသည်။

စစ်ရှောင်များနေရာပြောင်းရွေ့လိုသည့်နေရာမှာ သစ်တောဧရိယာအတွင်းပါဝင်နေသဖြင့် ဆက်လက်နေထိုင်လိုပါက သက်ဆိုင်ရာ မြို့နယ်နှင့်သစ်တောဌာနသို့ စာတင်ပြအကြောင်းကြားရန်ညွန်းကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရှောင်ပြည်သူများက သစ်တောနယ်မြေတွင် တရားဝင်စစ်ရှောင်စခန်း သတ်မှတ်ပေးရန်အတွက် ဖားကန့်မြို့နယ် သစ်တောဌာနသို့ စာတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများ ရွှေ့ပြောင်းနေထိုင်ရန် သတ်မှတ်ထားသည့် မြေနေရာမှာ ရှဒူးဇွပ်ကျေးရွာအနီး ဘန်ကောက်ကျေးရွာနှင့် စံပြကျေးရွာကြားရှိ အောင်ရာကျေးရွာ၏ အနောက်ဘက်ခြမ်းတွင်ဖြစ်သည်။

ရှဒူးဇွပ်စစ်ရှောင်များသည် လော့ဒ်ဂျာဒေသခံများဖြစ်ကာ ၂၀၁၇ခုနှစ် တပ်မတော် မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့စဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လာခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်သည်။

၎င်းတို့ မူလဒေသသို့ ပြန်လည်အခြေချရန် နယ်မြေလုံခြုံမှုမရှိသောကြောင့် နေရပ်မပြန်တော့ဘဲ မြေနေရာအသစ်တွင် ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Show More

Related Articles

Back to top button