ရွေးကောက်ပွဲဆိုင်ရာသတင်း

လွှတ်တော်စတင်ရန်ကိစ္စ ကချင်ဒေသခံပါတီတို့၏အသံများ

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရသစ်ဖွဲ့စည်းရေး၊ လွှွတ်တော်အကြီးအကဲ ရွေးချယ်ရေးလုပ်ငန်း ပါဝင်မည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ပြန်လည်စတင်ရန် ကြေညာခဲ့သည့်အပေါ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲဖြစ်သည့်အတွက် ခေါ်ယူရန် မသင့်ကြောင်း ဝေဖန်မူများစွာရှိနေသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုဥက္ကဋ္ဌ-၂ ဦးအောင်ခမ်း က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

ဦးကွမ်ကရောင်အောင်ခမ်း

“လွှတ်တော်ကတော့ ပုံမှန်သွားဖို့လိုတယ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြေရှင်းချက်တွေ၊ ပြောရှင်းစရာတွေကိုတော့ တစ်ကဏ္ဍအနေနဲ့မြင်ဖို့လိုပါတယ် ခွဲခြားပြီးမှ မြင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင် ရွေးကောက်ပွဲနဲ့လွှတ်တော် တစ်ခါတည်းရောပြီးသွားတယ်ဆိုရင် အခြေနေက အမျိုးမျိုးဖြစ်သွားနိင်တယ်။ ဒါကြောင့်မို့ သီးသန့်သွားဖို့လိုပါတယ် နောက်တစ်ချက် ခုလက်ရှိအစိုးရ UEC ကလည်း ပါတီအသီးသီးက တင်ပြထားတဲ့ဟာကို တစ်လေးတစ်စားနဲ့ဖြေရှင်းဖို့လိုပါတယ်။” ဟု ဦးအောင်ခမ်းက ပြောသည်။

လွှတ်တော်ခေါ်ယူခြင်းလုပ်ငန်းသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့်အတိုင်းဆောင်ရွက်ရခြင်းဖြစ်ပြီး ၎င်းတို့အနေနဲ့ တစ်စုံတစ်ရာကန့်ကွက်စရာ မရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဖြစ်သူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး အနိုင်ရရှိထားသည့် ဦးရွှေမင်းက ယခုလိုပြောသည်။

ဦးရွှေမင်း (ဒူးလေးပါတီ ဥက္ကဌ)

“ဒီလွှတ်တော်ခေါ်တာက ဥပဒေအရ သူ့အချိန်ရောက်လို့ခေါ်တယ်။ တင်ပြတဲ့အဖွဲ့အစည်းပါတီတွေကလည်း ဥပဒေထဲက တင်ပြတာဖြစ်တဲ့အတွက် အားလုံးကဥပဒေပေါ်မှာဘဲ အခြေခံပြီးလုပ်ရတာဖြစ်တယ်။ အဲတော့ ဆိုမဆို ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ ပါတီထောင်ကတည်းကအစပေါ့ဗျာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အဆုံး ကျမ်းသစ္စာ ကျိန်ဆိုပြီး ဝင်ရတာဖြစ်တဲ့အတွက် ဒါဥပဒေအတိုင်းဆောင်ရွက်တယ်လို့ဘဲမြင်ပါတယ်။” ဟု လီဆူတိုင်းရင်းသားရေးရာဝန်ကြီး နေရာတွင် အနိုင်ရရှိထားသည့် ဦးရွှေမင်းကပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်မှ တတိယအကြိမ်လွှတ်တော်အား ဖေဖော်ရီလ တစ်ရက်နေ့တွင် ခေါ်ယူကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အချို့သောပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များကြား ခေါ်ယူရန် မသင့်သေးကြောင်း ထုတ်ပြန်ချက်များထုတ်လာသည်ကို တွေ့ရှိရသည်။

“လက်ရှိအာဏာရ အစိုးရက သူ့ဟာသူ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားတာဖြစ်တဲ့အတွက် ကျနောတို့ပါတီသေးတွေအနေနဲ့ကျတော့ လုပ်စရာရှိကို ပါဝင်ပြီးမှ ဆောင်ရွက်ပေးသွားမှာသာဖြစ်ပါတယ်။ တစ်ခြားတော့မရှိဘူး ဘာလို့လဲဆိုရင် ပါတီကြီးအနေနဲ့လည်းမဟုတ်တော့ အတိုက်အခံပါတီနဲ့အာဏာရပါတီက သူတို့ကိစ္စတွေဆောင်ရွက်လို့မပြီးခင်မှာ ဒီလိုလုပ်တာဆိုတော့ သူတို့ကျတော့ ကန့်ကွက်တာတွေရှိမှာပေါ့။ ကျနော်တို့က ပါတီသေးတွေဖြစ်တဲ့အတွက် ကိုယ့်ကိုရွေးချယ်လိုက်တဲ့ပြည်သူအတွက် ဘယ်အစိုးရဘဲတက်တက်အကောင်းဘက်ကနေ ပါဝင်ဆောင်ရွက်ပေးရုံဘဲရှိပါတယ်။” ဟု ဒီမိုကရေစီပါတီသစ်(ကချင်)မှ ချီဖွေ၊ဆော့လော်၊အင်ဂျန်းယန် မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော်အနိုင်ရရှိထားသူ ဦးခေါတိန့်ကပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲရလဒ် ကျေနပ်ခြင်းမရှိသည့် ကိုယ်စားလှယ်အချို့သည် လာမည့် ဖေဖော်ဝါ်ရီလ ၁ ရက်နေ့ကျင်းမည့် လွှတ်တော်အစည်းအဝေးအား တက်ရောက်ခြင်းမပြုရန် ကောလဟာလ သတင်းများလည်း ထွက်ပေါ်နေသည်။

ထို့ကြောင့် ကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီအချို့အနေနှင့် လွှတ်တော်စတင်ရန်ကြေညာချက်အပေါ် တစ်စုံတစ်ရာ သုံးသပ်စရာမရှိကြောင်း ပါတီမှ တာဝန်ရှိသူများထံမှ သိရသည်။

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၆ ဦး အနိုင်ရရှိထားပြီး အတိုက်အခံပါတီဖြစ်သည့် ကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီက ၃၃ ဦး အနိုင်ရရှိထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒအရ အစည်းအဝေး ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း၏ ထက်ဝက်ကျော်ခန့် တက်ရောက်ပါက အစည်းအဝေး အထမြောက်ကြောင်း ပြဌာန်းထားသည်။

Show More

Related Articles

Back to top button