သတင်း

ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကချင်လူငယ်အဖွဲ့များတောင်းဆို

နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာ အားလပ်ရက် (သို့) ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးရန် ကချင်ပြည်နယ်လူငယ်အဖွဲ့များမှ အဆိုပါနေ့တွင်တောင်းဆိုထားသည်။

(၇၃) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းပြီး ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ကာ “ပင်လုံစာချူပ်အရ ဒီမိုကရေစီတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဌန်းရေး” ကို အမြန်ဆုံးအကောင်အထည် ဖော်ပေးရန်နှင့် ပြည်နယ်၏ နေ့ထူးနေ့မြတ်အဖြစ် “ကချင်ပြည်နယ်နေ့” ကို အများဆိုင်ရာ အားလပ်ရက် (သို့) ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စသည့်အချက်များ ပါဝင် တိုက်တွန်း တောင်းဆိုထားသည်ကို တွေ့ရသည်။

“အဓိက ၂၁ ရာစုပင်လုံမှာဘဲ အတိုင်ပင်ခံ ကိုယ်တိုင်က ပြည်နယ်ဖွဲ့စည်းပုံဆွဲဖို့လည်း ပြောထားပြီပေါ့နော်။ ကျွန်တော်တို့ ကချင်ပြည်နယ်က လည်းဘဲ ၄၇ ပင်လုံစာချူပ်အရ စစ်မှန်တဲ့ ဖက်ဒရယ် အင်္ဂါရပ်နှင့်အညီ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်ပြည်နယ်သူ၊ သားများအားလုံးလည်း သက်ဆိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲပြီးတော့မှ အားလုံးပါဝင်တဲ့ ငြမ်းချမ်းတဲ့ ပြည်ထောင်စုဆီသွားဖို့ ရည်ရွယ်ချက်နှင့် ရေးဆွဲ တိုက်တွန်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။” ဟု NDEN Debate Society မှ ကိုဘရန်ဆိုင်းအောင် Brang Seng Awng က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကချင်ပြည်နယ်နေ့တွင် အများဆိုင်ရာ အားလပ်ရက်(သို့) ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်၊ ကဏ္ဍအသီးသီးမှာ လူငယ်များအား နေရာပေး ဆွေးနွေးပါဝင်စေလိုခြင်း၊ သဘာ၀ သယံဇာတမှီခိုခြင်းဖြင့် ပြည်နယ်တွင်းခေတ်မှီသည့် ပညာရေးစနစ် မွေးထုတ်ပေးရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်မှ ဝိုင်းဝန်းပူးပေါင်းကာကွယ်ပေးရန် စသည့် အချက်များပါဝင်သော အချက် ၈ ချက်ဖြင့် တိုက်တွန်းတောင်းဆိုထားသည်ကို တွေ့ရသည်။

“အဓိကအကြောင်းရင်းက ကျွန်တော်တို့ ပင်လုံစာချူပ်ကိုအခြေခံပြီးမှ အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ ပင်လုံထဲမှာပါတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးကြီးတယ်။ဒီဟာမရှိတဲ့ခါ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်နယ်တွင်း ဒုက္ခအမျိုးမျိုး ကြုံတွေ့နေခဲ့ရတယ်။ အဓိက ကတော့ ကိုယ်ပိုင်ပြဌာန်းခွင်လိုချင်တယ်ဆိုတာက ကျွန်တော်တို့ ပြည်နယ်ကိုကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချူပ်မယ်။ အုပ်ချူပ်မယ်ဆိုတာက ကိုယ့်အကြောင်းကို ကိုယ်ပိုသိတယ်။ ကိုယ့်ပြည်နယ်ကို ကိုယ်ပိုနားလည်တယ်။ ကိုယ့်ပြည်နယ်မှာ ရှိတဲ့ လူ့အရင်းအမြစ်တွေနှင့် အဓိက လုပ်ဆောင်သွားနိုင်ဖို့ဖြစ်တယ်။” ဟု ထုတ်ပြန်ချက်တွင်ပါဝင်သူ လူငယ်ဖန်းဂျာဘရန်က ပြောသည်။

ထုတ်ပြန်ချက်တွင်ပါဝင်သောလူငယ်အဖွဲ့များမှာ ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ (KSYC) ၊ ကချင်အမျိုးသား လူငယ်များအဖွဲ့ကွန်ယက် (KNYC) ၊ All Kachin Youth Union (AKYU)၊ Ram Hkye (Youth Rescue)၊ တက္ကသိုလ်များ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် (JLH-Federation) ၊ Nden Debate Society တို့ဖြစ်သည်။

၎င်းလူငယ်အဖွဲ့များဦးဆောင်ပြီး (၇၃) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ပြီး စက်ဘီးစီးခြင်းတို့ကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။

အလားတူ ဖားကန့်မြို့တွင်လည်း နေအိမ်တိုင်း ကချင်အမျိုးသားအလံ စိုက်ထူခြင်းအစီစဉ်ကိုပြုလုပ်ခဲ့ပြီး ကိုဗစ်စည်းကမ်းချက်နှင့်အညီ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ဆုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး Kachin State Day စာသားပါ Sticker လိုက်ကပ်ခြင်း၊ အကျဉ်းထောင်များနှင့် Quarantine Center များတွင်အစားအသောက်ဝေဌခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

နှစ်စဉ် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့တွင် ရိုးရာမနောင်ပွဲအကဖြင့်ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ် (၇၃) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင်မူ ကိုဗစ်ရောဂါအခြေအနေကြောင့် ပြည်နယ်အစိုးရရုံးတွင် မိန့်ခွန်းဖတ်ကြားသည့်အစီစဉ်ဖြင့်သာ ပြုလုပ်ခဲ့ကြသည်။

Show More

Related Articles

Back to top button