Covid-19 Reportingသတင်း

တစ်သျှူးငှက်ပျောခြံအတွင်း ကားပေါ်သေဆုံးနေသော တရုတ်နိုင်ငံသားတွင် Covid-19 ပိုးမတွေ့

ဝိုင်းမော် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတစ်ခုတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က သေဆုံးနေသောတရုတ်နိုင်ငံသားတွင် Covid-19 ပိုးမတွေ့ရှိရကြောင်း ဝိုင်းမော်မြို့ အထွေထွေဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့ထံမှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအုပ်စု ပါဝါနိုင်းစတားတစ်သျှူး ငှက်ပျော စိုက်ခင်းအတွင်း ကားပေါ်တွင် ထိုင်လျှက်သေဆုံးနေသည့်အတွက် ဝိုင်းမော်မြို့( မွန်မြတ်စေတနာ လူမူကူညီရေးအသင်း)မှ ဝိုင်းမော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့၏ ညွှန်ကြားချက်နှင့်အညီ သွားရောက်သယ်ယူကာ စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။

“အဲသေဆုံးနေတဲ့ တရုတ်နိုင်ငံသားကို Covid-19 ရောဂါရှိမရှိ အားလုံးစစ်ဆေးပြီးပါပြီ။ ဘာပိုးမှမတွေ့ပါဘူး။ ကူးစက်ရောဂါကြောင့် မဟုတ်ဘူး သူ့မှာ သွေးတိုးရောဂါရှိတယ်လို့ သိရတယ်။ အရက်သောက်တယ်ပေါ့ အဲကြောင့်သေဆုံးရတယ်လို့ လတ်တလောယူဆထားတယ်။”ဟု ဝိုင်းမော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က ဆိုသည်။

လတ်တလော Covid-19 ကပ်ရောဂါကာလဖြစ်နေသည့်အတွက် သေဆုံးနေသည့် အလောင်းအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သွားရောက်သယ်ယူပြီး စစ်ဆေးမူပြုလုပ်ကာ တစ်ဖန် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလကလည်း တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းမှ တရုတ်အမျိုးသမီးတစ်ဦးကို ကန်ပိုင်တီနယ်စပ်တွင် စစ်ဆေးရာ Covvid-19 ပိုး တွေ့ရှိခဲ့ကြောင်း အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ယခုတရုတ်နိုင်ငံသားသေဆုံးမူသည်လည်း Covid-19 ရောဂါကြောင့် သေဆုံးနိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

Show More

Related Articles

Back to top button