သတင်း

ဝိုင်းမော်တွင် တရားမဝင်နေထိုင်ခဲ့သော တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီး

ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ပြန်ထွက်လာသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဝိုင်းမော်မြို့နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့(လဝက) က ဖမ်းဆီးအရေးယူထား ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၆ရက်နေ့ ည ၆နာရီခန့်အချိန်တွင် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှ မောင်းနင်းလာသည့် ဆိုင်ကယ်ပေါ်တွင် အထောက်အထားမပါသည့် တရုတ်နိုင်ငံသားကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ဆဒုံးပူးပေါင်း စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းနေသည့် အမည်မဖော်လို တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

“မနေ့က ၆နာရီအချိန်လောက်မှာ ဝိုင်မော်ကနေကန်ပိုင်တည် ပြန်ဖို့လာတယ်ပေါ့။ အဲ့မှာစစ်ဆေးကြည့် ခိုင်လုံတဲ့ အထောက်အထားကပ်တွေတစ်ခုမှမပါတဲ့ တရုတ်နိုင်ငံသားတစ်ဦးဖြစ်နေတယ်ပေါ့။ တစ်ခါတည်း ဖမ်းဆီးခဲ့တယ်။ ဒီဘက်အဲ့တစ်ကြောမှာက တရားမဝင်သွားလာနေတဲ့သူတွေက အများအားဖြင့်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးသွားလာနေတာ ပိုများမယ်ထင်တယ်။ ကျနော်တို့သိရသလောက်တော့။ အဲ့ကြောင့် စနစ်တကျလုပ်ကိုင်တဲ့အပိုင်းမှာ အလွန်ပဲခက်တယ်”ဟု ပြောဆိုသည်။

လက်ရှိဖမ်းဆီးရရှိထားသည့် တရုတ်နိုင်ငံသားကို လဝက(လတ်တလော)အက်ဥပဒေအရ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်ထားပြီး အမှုရင်ဆိုင်ရန် ဝိုင်မော်မြို့နယ်ရဲစခန်းသို့ ပို့ထားကြောင်းသိရသည်။

ထို့နောက် ပြည်ဝင်ခွင့်အထောက်အထားမပါရှိသည့် နိုင်ငံခြားသားများကို ပို့ဆောင်ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီသမားကိုလည်း လဝက ဥပဒေအရ တရားမဝင် ဝင်ရောက်လာသူများကို အားပေးကူညီသယ်ဆောင်လာသူပုဒ်မ ၁၃(၂)အရအရေးယူဆောင်ထားကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။

ယမန်နှစ်တွင်လည်း ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအများအပြားရှိခဲ့သလို ဝိုင်မော်မြို့နယ်ရဲစခန်းအတွင် အမှုဖွင့်တိုင်ကြားခဲ့ကြပြီး ပြစ်မှုကျူးလွန်သူကိုတရားစီရင်ရာတွင် ငွေဒဏ် ၅သိန်းအထိချမှတ်ခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button