သတင်း

တတိယကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီလ ၉ ရက်နေ့ စတင်ကျင်းပမည်

တတိယအကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ရုံးမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးသည့်နေ့မှစပြီး ရက်ပေါင်း ၉၀ အတွင်းကျင်းပရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်သက်တမ်း စတင်ကျင်းပသည့်နေ့မှစပြီး ၁၅ ရက်အတွင်းခေါ်ယူကျင်းပရမည်ဖြစ်သည်။

တတိယအကြိမ်မြောက်လွှတ်တော်အား ဒုတိယအအကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌမှ ခေါ်ယူကျင်းပမည်ဖြစ်ပြီး နည်းဥပဒေ၊ ဥပဒေအရ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ ရွေးကောက်တင်မြောက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ကချင်ပြည်နယ်၏ တတိယအကြိမ်မြောက် ပထမအကြိမ်ပုံမှန်အစည်းအဝေးအား တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီလ(၄) ရက်နေ့နောက်မကျစေဘဲ လွှတ်တော်ရုံးသို့ သတင်းပေးပို့ရန်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးအား ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပရန် ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်မှ ဇန်နဝါရီလ ၆ ရက်နေ့တွင်ကြေညာပြီး ဖြစ်သည်။

၂၀၁၅-၂၀၂၀ ကချင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ရွေးကောက်ခံကိုယ်စားလှယ်ပေါင်း ၄၀ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး စုစုပေါင်း ၅၃ ဦးရှိခဲ့သည်။

Show More

Related Articles

Back to top button