သတင်း

မြစ်ဆုံစီမံကိန်းဧရိယာတွင် ၂၀၁၃ ခုနှစ်မှစတင်ပြီး ပုဒ်မ ၁၄၄ ပုံမှန်ထုတ်ပြန် နေကျဖြစ်

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်ဧရိယာတွင် သွားလာခွင့် ပုဒ်မ ၁၄၄ တားမြစ်ထားခြင်းသည် ယခုမှထုတ်ပြန်ခြင်းမဟုတ်ပဲ ယခင်အစိုးရအဆက်ဆက် ပုံမှန်ထုတ်ပြန်ခဲ့သော စာဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်ကစတင်ပြီး အစိုးရ ၂ဆက်အတွင်း ပုံမှန် ၂ လတစ်ကြိမ်ထုတ်ပြန်နေသည့်စာဖြစ်ကြောင်းဒေသခံ တစ်ဦးထံမှ သိရသည်။

“အခုပြည်နယ် စစ်ကောင်စီကနေထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ က အသစ်အဆန်းလို့မမြင်ဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ၂၀၁၃ကနေစပြီး ဒီကနေ့အထိဖြစ်တယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြစ်ဆုံဒေသခံတွေက စိုးရိမ်တဲ့ အတွက် ခရိုင်နဲ့မြို့နယ်သက်ဆိုင်ရာဆီကို မေးမြန်းခဲ့ဖူးတယ်။ သူတို့ပြောခဲ့ဒါက ဒါက ၂လမှာတစ်ကြိမ်တိုး ထုတ်ပြန် နေတဲ့ အရာဖြစ်တယ်လို့ပြောခဲ့တယ်။ ကျမတို့မယုံလို့ ရုံးအထိသွားကြည့်ခဲ့ရသေးတယ်။ အခုလိုနိုင်ငံမငြိမ်သက်မှု ဖြစ်နေတဲ့အချိန် ပြန်ပြီးထုတ်ပြန်လိုက်တာက လူတွေရဲ့စိတ်ကို ပြောင်းလဲစေအောင်လုပ်လိုက်တယ်လို့ပဲမြင်တယ်”ဟု ပြောဆိုသည်။

သို့သော် လက်ရှိထုတ်ပြန်လိုက်သည့် ပုဒ်မ ၁၄၄မှာ ပြည်သူကရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထုတ်ပြန်ခြင်းမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ချက်ဖြစ်သောကြောင့် လိုက်နာသွားမည်မဟုတ်ကြောင်းသူက ဆက်ဆိုခဲ့သည်။

“ခနပြောသလိုအရင်တုန်းကနေ ပုံမှန်ထုတ်ပြန်နေတဲ့ ဆိုပေမယ့်လည်း အရင်တုန်းကတော့ ပြည်သူလူထုရဲ့တရားဝင်အစိုးရထုတ်ပြန်လို့လက်ခံတယ်။ အခုစစ်ကောင်စီအုပ်ချုပ်တဲ့အောက်မှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို လက်ခံစရာအကြောင်းမရှိဘူး။ သူတို့ကိုဘယ်သူမှအသိမှတ်မပြုထားသလို တရားဝင်အစိုးရလို့လည်း ပြောလို့မရဘူး။ ဒါကြောင့်ကျမတို့ မြစ်ဆုံဒေသခံတွေအတွက်လည်း တရားမဝင်ဘူး”လို့ ပြောဆိုသည်။

ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိသော်လည်း စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ပြီးဖြစ်၍ ဖြတ်သန်းသွားလာမှုပြုခြင်းဖြင့် လုံခြုံရေးအရ အခြားမလိုလားအပ်သော အုပ်ချုပ်ရေးဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သဖြင့် အောက်ပါဖော်ပြချက် ဧရိယာအတွင်းတာဝန်ရှိသူများမှအပ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ထွက်သွားလာခြင်းမပြုရန် ကန့်သတ်နယ်မြေ (ရာဇဝတ်ကျင့်ထုံ ဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်)ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ၂၀၁၃ ခုနှစ်ကစပြီး မြစ်ဆုံဒေသအနီးတဝိုက်ရှိ ကျေးရွာများကို လက်ရှိအချိန်ထိသွားလာဖြတ်သန်းခွင့်မရရှိပဲ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

မြစ်ဆုံ စီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်က ကြေညာခဲ့သည်။

Show More

Related Articles

Back to top button