သတင်း

မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲသံများ ကြားရ

မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့မှစ၍ မိုင်းပေါက်ကွဲသံနှင့် ဆန္ဒပြပွဲမရှိသည့်နေရာတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ကုန်းရပ်ကွက် စံပြလမ်းပေါ်တွင်ရှိသည့် ခရိုင်ပညာရေးရုံးရှေ့တွင် နေ့လည် ၁၂ခွဲခန့်က မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းရပ်ကွက်နေသူတစ်ဦးထံမှသိရသည်။

“ပေါက်ကွဲသံတစ်ခုတော့ကြားလိုက်တယ်။ အစကတော့မိုင်းပေါက်ကွဲတယ်လို့မထင်ခဲ့ဘူး။ ကားကြီးဘီးတွေပေါက်သလို အသံထွက်တော့။ နောက်တော့ အိမ်နီးချင်းက လူတွေပြောတော့ မိုင်းပေါက်တယ်လို့ပြောကြတယ်။ သိပ်မကြာဘူး ခဏနေဆိုရင် ရဲတွေစစ်သားတွေ လာကြည့်သွားကြတယ်။ နောက်တော့ ပြန်သွားကြတယ်” ဟု ထိုဖြစ်ရပ်အနီးရှိ လူငယ်တစ်ဦးက ပြောသည်။

ထိုနည်းတူ မြစ်ကြီးနားအင်ဂျန်ဒုံရပ်ကွက်ရှိ အေဂျီကျမ်းစာကျောင်းအနီးတွင် ည ၈နာရီခန့်အချိန် အရပ်ဝတ်နှင့် လူ ၂ဦးက သေနတ် ၂ချက်ဖောက်သွားကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် အာဏာရှင်ဆန့်ကျင်သည့် လူထု သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်သားများက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ယခုညနေပိုင်း ၆နာရီခန့်အချိန်တွင်လည်း ရပ်ပူရပ်ကွက် ပြည်သူများ၏ ခံတပ်ကို ရဲနှင့်စစ်သားများက သေနတ် အကြိမ်ပေါင်း ၂၀ခန့်ပစ်ဖောက်ကာ သွားရောက်ဖျက်စီးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ထိုသို့ ပြည်သူကို ပစ်သတ်သော အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button