တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန် အလောဘွမ် တပ်စခန်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ပြီးခဲ့သည့် မတ်လတုန်းက အာဏာသိမ်းစစ်တပ်ထံမှ သိမ်းပိုက်ရရှိခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလောဘွမ် (Alaw Bum) တပ်စခန်းကို ယနေ့ နံနက်မှစတင်ပြီး လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်အနီးတွင်ရှိသော KIO ဌာနချုပ်နယ်မြေ တပ်မဟာ ၅ အောက်အဆိုပါနေရာသို့ အာဏာသိမ်းစစ်တပ်က အင်အားအများအပြားတိုးချဲ့ထားပြီး ယနေ့ နံနက်မှစတင်ကာ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများပြောသည်။

“သေနတ်အသေးသံတော့မကြားရဘူး။ လက်နက်ကြီးသံကတော့ မနက်ကနေ အခုထိကြားနေရတယ်။” ဟု ဒေါ့ဖုန်းယန်မြို့အနီးတွင်ရှိသော ဒေသခံတစ်ဦးက မွန်းလွဲ ၃ နာရီခန့်တွင် ပြောဆိုသည်။

KIO ဌာနချုပ်လုံခြုံရေးနှင့် စစ်ရေးအရအရေးပါသော အဆိုပါ အလောဘွမ် (Alaw Bum) စခန်းကို အာဏာသိမ်းစစ်တပ်ထံမှ KIA က ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်းက သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဧပြီ ၁၀ ရက် ညကလည်း မိုးမောက်မြို့နယ် နောင်ကွမ်းကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏ အမြောက်တပ်တည်ရှိရာစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က နေရာအနှံ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါအခြေအနေကြောင့် နောင်ကွမ်ကျေးရွာ ဒေသခံများသည် ဗုံးခိုကျင်းများတွင် ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရှေ့တန်းတွင် တိုက်ခိုက်မှုများရှိနေချိန်၊ အာဏာသိမ်းစစ်တပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button