လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့် အလွတ်တန်း သတင်းထောက်တစ်ဦးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲ

ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် မတ်လ ၉ ရက်နေ့ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထုလှုပ်ရှားမှုသတင်းရယူရန် ဧပြီလ ၉ ရက်နေ့ လုံးခင်းမှ ဖားကန့်မြို့သွားသည့်လမ်း ပန်းတင်တံတားထိပ်တွင် စစ်တပ်က စောင့်ကာဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် လုံးခင်းအုပ်စု ရဲစခန်းမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

“သတင်းသမားတွေကို ဖမ်းဆီးတယ် ဆိုကတည်းက ဒါက သတင်းအမှောင်ချချင်လို့ လုပ်တာလို့ဘဲမြင်တယ်။ ကျနော်တို့ဖားကန့်မှာ သတင်းသမားဆို သိပ်မရှိဘူး။ ခုလိုသူတို့က လွှတ်လပ်စွာ သတင်းယူပိုင်ခွင့်ရှိတဲ့ မီဒီယာတွေကို ဒီလိုဖမ်းဆီးနေတာ လုံးဝမဖြစ်သင့်ဘူး။”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် ပြီးခဲ့သည့် ၂ လခန့်မှစတင်ပြီး ဖားကန့်လူထု၏ စစ်အာဏာသိမ်းမှုဆန့်ကျင်သောလှုပ်ရှားမှုသတင်းများကို Kachin News Group နှင့် Kachin Wave စသည့် သတင်းဌာနများသို့ သတင်းပေးပို့နေသူ တစ်ဦးလည်းဖြစ်သည်။

ကိုနောင်ရိုးအပါအဝင် ကချင်ပြည်နယ်တွင် ဖမ်းဆီးခံရသည့် သတင်းသမား စုစုပေါင်း ၄ ဦးရှိပြီဖြစ်ကာ ၎င်းတို့ကို ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုထားပြီး အချို့ကို ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

ယင်းဖမ်းဆီးခံထားရသည့် သတင်းထောက်များမှာ မြစ်ကြီးနားအခြေစိုက် Kachin Wave သတင်းဌာနမှတစ်ဦး၊ The 74 Media သတင်းဌာနမှ တစ်ဦး၊ ဗန်းမော်မြို့မှ အလွတ်တန်းသတင်းထောက် ဘဘဦးဂျိုးဖြူ နှင့် ဖားကန့်မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ဖြစ်သည်။

ပုဒ်မ ၅၀၅-က သည် အာမခံပေးခွင့်မရှိ အချုပ်ဖြင့် အမူရင်ဆိုင်ရသည့် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button