လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် ဖားကန့် ဆန္ဒဖော်ထုတ် ပြည်သူ ၁ ဦး ထပ်မံသေဆုံး

ဖားကန့်မြို့ လုံးခင်းရပ်ကွက်တွင် ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်တပ်က ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တစ်ဦး သေဆုံးပြီး နောက်ထပ် ၁ ဦးလည်း ဒဏ်ရားပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် မေလ ၂ရက်နေ့ ယနေ့မနက် ၉နာရီခွဲအချိန် သပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့်နေရာတွင် ရဲနှင့်စစ်သားများက ရောက်လာပြီး သေနတ်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ဦး ကျည်ထိမှန်ခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။

“ဒီမနက်က လုံးခင်းသပိတ်နဲ့ မော်ဝမ်းသပိတ် ၂ခုစလုံးစထွက်ဖို့အချိန်မှာဘဲ ဟုတ်တယ်။ သပိတ်တောင်မစသေးဘူး ဖြိုခွင်းခံရတယ်။ အဲ့ချိန်မှာ ကျည်ထိမှန်ခဲ့တာ ၂ယောက်ဟုတ်တယ်။ တစ်ယောက်က ဆုံးသွားပါပြီ။ တစ်ယောက်က ရင်ဘတ်မှာ ဒဏ်ရာရထားတယ်”ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် သူရဲကောင်းမှာ လုံးခင်းရပ်(၁)တွင်နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လည်ပင်းနား ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မှော်ဝမ်းရပ်ကွက်မှ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ဘတ်အောက်ကျောကုန်းနားတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။

ယနေ့ နံနက် သေဆုံးသွားသောသူ၏ ရုပ်အလောင်းကို ဖားကန့် နာရေးကူညီမှုအသင်းက မီးသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ မိုးကောင်းမြို့တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ နွေးဦးတော်လှန်ရေးနေ့အဖြစ် လူရာချီ မြို့တွင်း ဆန္ဒပြလှည့်လည်နေစဉ် ရဲနှင့်စစ်သားများ ရောက်လာပြီး ပစ်ခတ်သွားခဲ့သည်။ သို့သော် ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးခံရသူများ မရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဆန္ဒပြရာတွင်သူများက “အနှိုင်မခံ၊ အရှုံးမပေးနွေဦးတော်လှန်ရေး၊  We Support NUG” စသောဆိုင်ဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မေလ ၂ ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအစီစဉ်ကို ကချင်ပြည်နယ်အနှံတွင်လည်း လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုဖြင့် ပြုလုပ်နေကြသည်ကို တွေ့ရပါသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင်ပါဝင်သောပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်တွင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူများ အများအပြားရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button