တိုက်ပွဲသတင်း

အာဏာသိမ်းစစ်တပ် လေယာဉ် ၁ စီးကို KIA ပစ်ချ

မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာအရှေ့ဘက်ရှိ စလောင်းကုန်းတွင် ယနေ့ နံနက် ၉ နာရီခန့်က အာဏာသိမ်းစစ်တပ်က လေယာဉ်များဖြင့်သွားရောက်တိုက်ခိုက်ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပစ်ချလိုက်ကြောင်း ဒေသခံများနှင့် KIOဘက် က အတည်ပြုပြောဆိုခဲ့သည်။

“ဒီမနက် ၉နာရီလောက်ကနေ တိုက်ပွဲပြန်ဖြစ်တယ်။ စစ်တပ်ဘက်က လေယာဉ် ၂ စီးနဲ့လာပစ်တာကို တစ်စီးက ထိသွားတယ်လို့သိရတယ်။ မီးခိုးနဲ့ပြာကျသွားတယ်တဲ့။ လမ်းသွားတဲ့သူတွေက တောင် ဆက်သွားလို့မရဘဲ ပိတ်နေကြတယ်တဲ့။ တိုက်ပွဲက အခုထိ ဖြစ်နေတုန်း။ ရွာကနေ လက်နက်ကြီးသံတွေကြားနေရသေးတယ် “ဟု ဒေသခံ တစ်ဦးထံမှ သိရသည်။

ပစ်ချခံရလိုက်သော လေယာဉ်သည် မြို့သစ် ကုန်းလောကျေးရွာလယ်ကွင်းဘက်တွင် ကျရောက်သွားကြောင်း သိရသည်။

“သူတို့ လေယာဉ်နဲ့ လာပစ်တော့ ကျနော်တို့ဘက် ပြန်ပစ်တော့ ကျသွားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့လည်း ဆက်လက်ပစ်ခတ်နေတယ်” ဟု KIO ဗဟိုဌာန ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ်ရှိ အဆိုပါ မြို့သစ်၊ ကုန်းလော ကျေးရွာအနီး စလောင်း(တာဝါတိုင်) ကုန်းကို တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်မှာ ၁ ပတ်ကျော်လာပြီဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ထိုဒေသတွင် KIA ကို တိုက်ခိုက်ရန် အင်အား အများအပြား တိုးချဲ့ထားသည်။

Show More

Related Articles

Back to top button