တိုက်ပွဲသတင်း

စစ်အင်အား သယ်ဆောင်လာသော သင်္ဘော ၂ စီးကို KIA ကြားဖြတ်တိုက်ခိုက်

စစ်အင်အားအပြည့်ဖြင့်ရောက်လာသော သင်္ဘော ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရွှေကူမြို့ ကျောက်ကြီးကျေးရွာအကျော်တွင် ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံမှု များပြားခဲ့ကြောင်း သိရသည်။

မေလ ၆ ရက်ည ၉ နာရီခန့် အဆိုပါ သင်္ဘော ၂ စီးကို KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၅ တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာန KNG ကို ပြောသည်။

‘သင်္ဘာ ၂ စီး ကိုပစ်တယ်။ ၁စီးက ပြန်လှည့်သွားတယ်။ ၁ စီးက အဲမှာပဲ ရပ်သွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူများတဲ့အတွက် လှေအသေးနဲ့ သယ်နေကြတယ်လို့ ပြောတယ်။ ပြည်သူတွေသွားလာတဲ့ စက်လှေတွေတောင် အားလုံး ရပ်လိုက်တယ်လို့ ပြောနေကြတယ်။”

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အဆိုပါသင်္ဘောပေါ်တွင်တွင် လိုက်ပါလာသော ပြည်သူတစ်ဦး၏ ပြောဆိုချက်ကို ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြန်လည်ပြောပြသည်။

“သင်္ဘောမှာ စစ်သားတွေကော၊ လက်နက်ရိက္ခာတွေလည်းပါလာတယ်။ အဲ့ဒါကို KIA က သတင်းကြားလို့ထင်တယ်။ ကျောက်ကြီးကျေးရွာ အကျော်နားမှာ လာစောင့်ပစ်တယ်။ ခရီးသည်သင်္ဘောဖြစ်တဲ့အတွက် ခရီးသည်တွေလည်း အများကြီးပါလာတယ်။ ခရီးသည်တွေက ပစ်ခံရမှာစိုးလို့ ခရီးသည်တွေပါလို့အော်ကြတယ်။ အဲ့ချိန်မှာ စစ်သားတွေလည်း ခရီးသည်တွေပါလို့ပြန်အော်တယ်။ အဲတော့ KIA က ဆက်မပစ်ဘဲနောက်ဆုတ်သွားတယ်။ အဲ့ကြောင့် ထိခိုက်ဒဏ်ရာရှိတဲ့ သူတော့ မရှိဘူ” ဟု ဆိုသည်။

အဆိုပါသင်္ဘောသည် ရွှေကူမြို့သို့ ရောက်ရှိချိန် စစ်ကား ၄ စီးဖြင့် စစ်သားများကို လာရောက် သယ်ယူသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အရပ်သားများကို အကာကွယ်ပြုကာ စစ်အင်အားတိုးချဲ့မှုများ၊ လှုပ်ရှားသွားလာမှုများကို ကချင်ပြည်နယ်တွင် ပြုလုပ်လေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလော့ဘွမ်စခန်းကို ပြန်လည်သိမ်းယူရန် အာဏာသိမ်းစစ်တပ်သည် လေယာဉ်၊ တင့်ကား နှင့်အမြောက်တပ်အပါအဝင် နေ့စဉ် တိုက်ခိုက်နေပြီး မြေပြင်စစ်အင်အားလည်း တိုးချဲ့နေသည်ဟု ဒေသခံများ ထံမှ သိရသည်။

Show More

Related Articles

Back to top button